မြောက်ဦးဆရာတော်ကြီး သုဿန်ဓုတင်တည်ဆောက်စဉ် ကြုံတွေ့ခဲ့သော အဖြစ်အပျက်

114

မြောက်ဦး ဆရာတော် သုဿန်ဓုတင် တည်ဆောက်စဉ် ကြုံတွေ့ ခဲ့ ရသော သရဲတစ္ဆေ နာနာဘာဝများ

မကျွတ် မလွတ်ကြဘဲ တစ္ဆေ သရဲ နာနာဘာဝ အဖြစ်ဖြင့် သုသာန်တိုင်း မှာ ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်နေကြတာကို မြောက်ဦး ဆရာတော် ဝက်ဆိုက် တွင် သံဝေဂယူကြဖို့ ဖေါ်ပြပေးထားသည်ကို ဤသို့ ဖတ်ရ၏။ သုသာန် ဓုတင် ဆောက်တည်ရာ တွင် သုသာန်တိုင်း၌ ထိတ်စရာ ၊ လန့်စရာ အာရုံတွေ အသံဗလံတွေ မမြင်ရ၊ မကြားရပါစေနဲ့ဟု အဓိဋ္ဌာန်ထားသော်လည်း မြင်ရသည့် အာရုံတွေကလည်း များလှသည်။

ညည်းညူနေသံ၊ ညည်းတွား အော်ဟစ် သံတွေကလည်း အော်ဂလီဆန်ချင်စရာ ကောင်းသည်။ မြင်ရသည့် အာရုံတွေ ကလည်း ထိတ်လန့်ချောက်ချားစရာ ဖြစ်သည်။ မည်းမည်းအကောင်ကြီးတွေ သုသာန်တိုင်းလိုလိုမှာ တွေ့ရသည်။ လူလိုလ ိုအကောင်တွေ၊ အချို့က ခေါင်းမပါ၊ အချို့က ခေါင်းသာမြင်ရသည်၊ ကိုယ်မတွေ့ရ။ အရုပ်ဆိုးအကျည်းတန် သတ္တဝါတွေလည်း မျိုးစုံသည်။ အဝတ်မပါ ဗလာ လူယောကျာ်း၊ လူမိန်းမတွေ စုံသည်။ မိန်းမတွေက ဆံပင်ဖားလျား ချလို့၊ ဤအရှင်၏ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်ကြသည်။

အချို့က တိုတို၊ အချို့က ရှည်မျောမျော၊ အပေါ်ပိုင်း ခန္ဓာရှည်ပြီး အောက်ပိုင်းခြေထောက်တွေ တိုတိုပုံမျိုး ပါသလို၊ အပေါ်ပိုင်း ခန္ဓာက ပုတိုတို၊ အောက်ပိုင်းခြေတံ ရှည်လျားလျားတွေလည်း ပါသည်။ ခန္ဓာကိုယ်က အချွန်အတက်တွေ ထွက်နေသော သတ္တဝါတွေလည်း တွေ့ရသည်။ တွေ့ရသမျှ သတ္တဝါများသည် ဤ အရှင်အားကျောခိုင်း နေသည်သာ များသည်။ နွားတွေလို ချိုနှစ်ချောင်းနှင့် သတ္တဝါတွေလည်းပါသည်။ အချို့အကောင်များ၏ မျက်လုံးတွေက စကောလောက် ကြီးသည်။ အချို့အကောင်တွေ၏ပါးစပ်က တအားကျယ်သလောက် အသံကြတော့ သေး သေးလေး ဖြစ်၏။ တချို့ အကောင်တွေ၏ ပါးစပ်ကြပြန်တော့ သံမှိုပွင့်လောက်ပဲရှိသည်။

တစ်ခါတစ်ရံ ဤအရှင်၏ အနားမှ မြေကြီးထဲက ထိုးထွက်လာသလိုမျိုး တွေ့ရ သည်။ သစ်ပင် ပင်စည်ကြီးထဲ ခေါင်းတွေ ပြူထွက်လာပြီး ဤအရှင်အား မျက်လုံး ပြူးကြည့်နေ သည်ကိုလည်း မြင်ရသည်။ သုသာန်တစ်ခုမှာတော့ သချႋုင်းဂူကြီး တစ်လုံးက လှုပ်လာပြီ မည်းမည်းအကောင်ကြီးတစ်ကောင် ထွက်လာသည်။ ဤအရှင်အား လာကြည့်ပြီး သူ့ဂူထဲပြန်ဝင် သွားသည်။ ဂူထဲမှ ထွက်လာတော့လည်း အပေါက်ဟူ၍ မရှိ၊ပြန်ဝင်သွားတော့ လည်း အပေါက်မတွေ့ရ။

သင်းပိုင်အစုတ်နှင့် ဘုန်းကြီးလိုလို ပြိတ္တာကြီးကိုလည်း မြင်တွေ့ရဖူးသည်။ ထိုဘုန်းကြီး၏ပါးစပ်မှာ လောက်တွေက အပြည့်၊ နှာခေါင်း အရင်း ကနေ မေးလောက် အထိ လောက်တွေက တဖွားဖွား ကိုက်စားနေသည်။ ဤမကောင်းအနိဋ္ဌာရုံတွေ မြင်တိုင်း မြင်တိုင်း ဤအရှင်သည် ဘဝသံသရာ အဆက်ဆက်က ဆွေမျိုးတော်စပ် ခဲ့ဖူးသူများ ဖြစ်လေမလားဟု ဆင်ခြင် မိ၏။ ဤအရှင်နားလည်မိသည်မှာ ပြုမိမှားခဲ့သော အကုသိုလ်ကံတွေက ခေါင်းအမျိုး စုံအောင် ပြောင်းလဲပေးနေခြင်း ဖြစ် သည်။

မြတ်စွာဘုရား ဟောကြားခဲ့သော ပေတဝတ္ထုတိုတွေထဲမှာလည်း ပါသည်။ နေ့စံ ညခံ၊နေ့ဘက်မှာ သုခစံနေသူတွေ ဒုနဲ့ဒေး ဖြစ်သည်။ ဤအရှင်ကို ပြသော အာရုံတွေကိုကြည့် အမျိုမျိုးအဖုံဖုံ ဆင်းရဲဒုက္ခတွေက ကြီးလွန်းလှသည်။ ဤအရှင်သည် ပေါ်လာသမျှသော အနိဋ္ဌာရုံများကို ပေးတိုင်းပေါ်တိုင်း ဖျောက်ပစ်ပါ၏။ အချို့သောအရုံများက ဤအရှင်မေတ္တာပို့ အမျှဝေ လိုက်သည့်အခါ ချက်ခြင်း ပျောက်သွားသည်။ အချို့က မပျောက်၊ အတော်ကြီးကြာကြာ အမျှဝေ တော့မှ အာရုံများက ပျောက်သွား ကြသည်။ အသစ်အသစ် အာရုံတွေလည်း တိုး၍တိုး၍ ပေါ်လာသည်။ တရားအမှတ်ပျက် လောက်အောင် ဖြစ်သည်။မေတ္တာပို့ အမျှဝေလိုက် ပျောက် သွားလိုက်၊အမျှပေးလိုက်၊မေတ္တာပို့လိုက် လုပ်နေရသည်။

တစ်ခါတစ်ရံတော့လည်း ဤအရှင်သည် ပေါ်လာသမျှသော အရုံများကို သံသရာဆွေမျိုးတွေ ဖြစ်မည်၊ အမျှဝေ တာကို သာဓုခေါ်ချင်လို့ လာကြတာဖြစ်မည်ဟူသောအတွေးနှင့် “ တရားဟောပေးမည်၊ တရားနာ လာကြကုန်လော့” ဟု ဖိတ်ကြား ကာ ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသတို့ကို ရွတ်၊ သရဏဂုံ ပေးပြီး ပြု ခဲ့သမျှသော ကုသိုလ်တို့ကို အမျှပေးဝေခဲ့ သည်။ သံသရာဆွေမျိုးတွေကို ကျေးဇူးဆပ်ခွင့် ရနေသည့်အတွက် ဤအရှင်မှာကျေနပ်နေသည်။

အချို့သုသာန်တွေက အတော်ကြမ်းသည်။ အနံ့အသက်တွေက မကောင်း၊ အသက်ရှုရခက်လောက်အောင် ဖြစ်သည်။ မြင်ရသည့်အာရုံတွေက ဆိုးမှဆိုး၊ စစ်တွေသုသာန်မှာ ကြုံရသည်က တစ်မျိုး ဖြစ်သည်။ လူလေးယောက် လူသေခေါင်းကြီး တစ်ခုကို ရှေ့နှစ်ယောက်၊ နောက်နှစ်ယောက် ထမ်းလာကြသည်။ ဤအရှင်အနား ရောက်သည့်အခါ အခေါင်းကြီး ကိုချပြီး “ကောက်ထည့် ကွာ၊ ကောက်ထည့်” ဟု တစ်ယောက်ကအမိန့်ပေးသည်။ ဤအရှင်ကို အခေါင်းထဲ ကောက်ထည့်ခိုင်း ခြင်း ဖြစ် သည်။ အမိန့်သာပေးသည် တစ်ယောက်မှ ကောက်မထည့်၊ နောက်တော့ “မထည့်လျှင်လည်း နေကွာ” ဆိုပြီး ထိုအခေါင်းကြီးကို ပြန်ထမ်းသွားကြသည်။

တစ်ရက်မှာလည်း ဤအရှင် တရားမှတ်နေတုန်း လက်မောင်းတစ်ဖက်ကို အေးစက်စက်အရာကြီးနှင့် အကပ်ခံ လိုက်ရ သလို ဖြစ်သည်။ ရှည်လျားသောလျှာကြီးနှင့် အလျက်ခံလိုက်ရသလို ခံစားလိုက်ရခြင်း ဖြစ်သည်။ ဤအရှင်တရား ပျက်လောက် အောင် ဖြစ်ရသည်။ ဤအရှင်အား ကျောက်တုန်းကြီးနှင့် ဖိသတ်ရန် လာသော ပြိတ္တာကြီးတစ်ကောင်ကို လည်း တွေ့ဖူးသည်။ ကျောက်တုန်းကြီးတစ်တုံးကို လှိမ့်ကာလှိမ့်ကာနှင့် လာနေခြင်း ဖြစ်သည်။ ဤအရှင်နား ရောက်လာ သည်။ အမျှဝေတော့မှ ပျောက်သွားသည်။

တွေ့ရသမျှ မြင်ရသမျှသော အာရုံများကို ရေးလျှင် များစွာရှိသေးသည်။ အကုသိုလ်၏အကျိုးပေးကို သံဝေဂယူနိုင်ကြ စေရန် ရည်ရွယ်ပြီး အနည်းငယ် ဖော်ထုတ် ရေးသားလိုက်ခြင်း ဖြစ်ပေသည်-ဟု ရေးသားထားပါသည်။ အိန္ဒိယနိုင်ငံ၊ ဥရုဝေလတောရှိ ဘုရားရှင် ဒုက္ကရစရိယာ (၆)နှစ်ကြာ ကျင့်ရာ လိုဏ်ဂူတွင် တရားထုတ်စဉ်ကလည်း အလားတူ ပြိတ္တာ (နာနာဘာဝ) ကြီးတစ်ဦး ကျောက်တောင်အတွင်းမှ ထွက်လာပြီး နှောက်ယှက်ကြောင်း ရေးထားသေး၏။

အရှင်ပညာသီဟာဘိဝံသ(ပဥ္စနိကာယ်) (ရှိခိုးပူဇောမှုဖြင့် ခရက်ဒစ်)