ကျောင်းဆရာမဝတ်စုံဝတ်၍ (၈)တန်း ကျောင်းသားတစ်ဦးကို ပါးစပ်ပိတ် ကားပေါ်တင်ရန် ကြံစည်မှု

563

ကျောင်းဆရာမဝတ်စုံဝတ်၍ ဟန်ဆောင်ကာ (၈)တန်း ကျောင်းသားတစ်ဦးအား ပါးစပ်ပိတ် ကားပေါ်တင်ရန် ကြံစည်မှု

မိုးညှင်းမြို့နယ်တွင် ကျောင်းဆရာမဝတ်စုံဝတ်၍ ဟန်ဆောင်ကာ အဋ္ဌမတန်း ကျောင်းသားတစ်ဦးအား ပါးစပ်ပိတ် ကားပေါ်ဆွဲတင်ရန် ကြံစည်မှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီက ကျောင်းဆရာမ ဝတ်စုံဝတ်၍ ဟန်ဆောင်ကာ အဋ္ဌမတန်း ကျောင်းသားတစ်ဦးအား ပါးစပ်ပိတ် ကားပေါ်ဆွဲတင်ရန် ကြံစည်မှု ဖြစ်ပွားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

မောင်—(၁၃ နှစ်) အဋ္ဌမတန်း အထက (၁) နတ်ကြီးကုန်း (ဗမာပိုင်း) ရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူသည် နေအိမ်မှ ကျောင်းသို့လာစဉ် ပြည်ထောင်စုလမ်းမပေါ်ရှိ စိုးသူကားဝပ်ရှော့အနီးအရောက် ဟွန်ဒါဖစ်အဖြူရောင် ယာဉ်သည် ၎င်း၏ရှေ့သို့ ပိတ်ရပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကားပေါ်မှ ကျောင်းဆရာမဝတ်စုံ ဝတ်ဆင်ထားသည့် အသက် ၃၀ ခန့်အမျိုးသမီးတစ်ဦးက ‘ဆရာမကို ကူညီပါဦး’ ဟု ပြောဆိုကာ မောင်—(၁၃ နှစ်)၏ ဘယ်ဘက်လက်မောင်းကိုဆွဲပြီး ပါးစပ်ကို လက်ဖြင့် အတင်းပိတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မောင်—(၁၃ နှစ်)က ‘ကယ်ကြပါဦး’ ဟု အော်ဟစ် အကူအညီ တောင်းခံခဲ့မှုကြောင့် ပတ်ဝန်းကျင်ရှိ အမည်မသိ လူတစ်ဦး ရောက်ရှိလာပြီး ‘ဘာဖြစ်တာလဲ’ ဟု မေးမြန်းရာ ကျောင်းဆရ မဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးဖြစ်သူက ‘ကလေးကဆိုးလို့ ထိန်းတာ’ ဟု ပြန်လည် ပြောကြားစဉ် မောင်—(၁၃ နှစ်)က လက်ခါပြခဲ့ကြောင်း သိရသည်။

အမည်မသိလူက ၎င်းဆရာမအား ‘မင်းတို့ဘယ်ကျောင်းကလဲ’ ဟု မေးမြန်းရာ ဘာမှပြောကြားခြင်းမရှိဘဲ ကားအား မိုးညှင်းမြို့အတွင်းသို့ မောင်းနှင်ထွက်သွားကြောင်း ယာဉ်ပေါ်တွင် အမည်မသိ ယာဉ်မောင်း အမျိုးသား တစ်ဦးနှင့် ကျောင်းဆရာမဝတ်စုံ ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသမီးတစ်ဦး ပါရှိကြောင်း မောင်— (၁၃ နှစ်) ကိုစစ်ဆေးချက်အရ သိရကြောင်း မိုးညှင်းမြို့မရဲစခန်း၏ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အဆိုပါကားနှင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့် ကျောင်းဆရာမဝတ်စုံ ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသမီးတို့အား လိုက်လံရှာဖွေလျက်ရှိကြောင်း မိုးညှင်းမြို့မ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။ကောင်းခန့်လင်း(မုံရွာ) Eleven