၉ ကြိမ်မြောက် အောင်ဘာလေထီ သိန်း ၅၀ ဆုကို ထီလက်မှတ်အတုဖြင့် လိမ်လည်ထုတ်ယူသွားမှုဖြစ်

65

တောင်ငူမြို့ ရှိ “ရတနာသိန်းထိုက်အောင် ” ထီဆိုင်မှ ထီလက်မှတ်အတုဖြင့် ငွေ သိန်း ၅၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွါးခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့က သိရသည်။

တောင်ငူမြို့ ၊ ၁၉ ရပ်ကွက် ၊ စတီးလမ်းနေ ကိုဇော်လွင်( ၄၀)နှစ် ၊(ဘ) ဦးဌေးမောင် သည် နိုဝင်ဘာ ၁၀ ရက် မနက်၉ နာရီခွဲအချိန်တွင် ၁၇ ရပ်ကွက်၊ ကန်လမ်းတွင် ” ရတနာသိန်းထိုက်အောင် ” အမည်ဖြင့် ထီဆိုင်ဖွင့်လစ်ရောင်းချနေစဉ် ကိုမင်းသူ(၄၀)နှစ် ၊ ကျောင်းစုရပ်ကွက် ၊ အိမ်မဲမြို့ ၊ ဧရာဝတီတိုင်း( ယခု ခတ္တဆွာမြို့ ) နေသူရောက်လာကြောင်း တိုင်ကြားစာအရ သိရသည်။

ယင်းသို့ရောက်ရှိလာပြီး မန္တလေးမြို့ ထီဆိုင်တစ်ဆိုင်မှ ထိုးလာသော နိုဝင်ဘာ( ၁ )ရက်နေ့ တွင် ဖွင့်လှစ်သည့်( ၉) ကြိမ်မြောက် အောင်ဘာလေဆုမှ သိန်း( ၅၀ )ဆုအတွက် ထုတ်ယူလိုကြောင်းပြောပြီး ထီလက်မှတ်အား ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထုတ်ပေးလာသော ထီလက်မှတ်အား ကိုဇော်လွင် မှ ထုတ်ကြည့်ရာ ” ဒ ၆၆၀၇၆၄ ” ပေါက်ထားသော ကျပ်သိန်း( ၅၀) ဆု လက်မှတ် တစ်စောင်ဖြစ်နေသောကြောင့် တိုက်ဆိုင်စစ်ဆေးပြီး ကျပ်သိန်း ( ၅၀ )ဆု ထုတ်ပေးရန်အတွက် နှစ်ဦးသဘောတူ အရောင်းအဝယ် စာချုပ်ကို သက်သေများ နှင့်အတူ လက်မှတ်ထိုး ဝယ်ယူခဲ့ပြီး ကိုမင်းသူ အား ကျပ်သိန်း( ၅၀ ) ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

ကိုမင်းသူ ငွေ သိန်း( ၅၀ )ကျပ် ထုတ်ယူပြီး ပြန်သွားချိန်တွင် ( ၉ )ကြိမ်မြောက် ” ဒ ၆၆၀၇၆၄ ” နံပါတ်ပါ အောင်ဘာလေ သိန်းဆု လက်မှတ်အား အကြိမ်ကြိမ် စစ်ဆေးကြည့်ရာ အောင်ဘာလေ သိန်းဆု လက်မှတ် ” ဒ” ထိပ်ဆုံး ၆ ဂဏန်းနှင့် နောက်ဆုံး ၄ ဂဏန်းမှာ ပြင်ဆင်ပြုလုပ်ထားသည်ကို သိလိုက်ရကြောင်း တိုင်ကြားစာအရ သိရသည်။

ထီလက်မှတ် အတုဖြင့်ငွေ ကျပ်သိန်း( ၅၀ ) ထုတ်ယူသွားသော ကိုမင်းသူအား တောင်ငူမြို့မ ရဲစခန်းတွင် (ပ) ၁၁၉၇ /၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ / ၄၆၈ ဖြင့်အမှုထားကြောင်းသိရသည်။

သတင်း ဓာတ်ပုံ – နေလင်းအောင် (တောင်ငူ)

#AlinnMyay(အလင်းမြေ) #ထီလက်မှတ်အတု #တောင်ငူမြို့