နားထဲကို ပိုးဟပ်မိသားစုလိုက် ဝင်နေလို့၊ ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရသူ

120

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ နားထဲကို ပိုးဟပ်တွေက မိသားစုလိုက်ဝင်နေတဲ့အတွက် ဒုက္ခအလွန်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ မခံမရပ်နိုင်အောင် နားကိုက်လွန်းလို့ ဒေါက်တာတွေကို သွားရောက်ပြသခဲ့တာပါ။ ဒီအကြောင်းကို TheStar ကနေ ဖော်ပြထားတာပါ။

ဒီသတင်းကို AlinnMyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပေးလိုက်တာပါ။ လူနာရဲ့အမည်ကိုတော့ Lv လို့သာ ဖော်ပြထားပြီး၊ ဒေါက်တာတွေက စစ်ဆေးတဲ့အခါမှာ ပိုးဟပ်တွေဟာ နားထဲကို ဟိုမှသည်မှ တရွေ့ရွေ့သွားနေကြတယ်လို့တောင် ဆိုပါတယ်။

သူဟာ Huiyang မှာတည်ရှိတဲ့ Sanhe Hospital မှာ ပြီးခဲ့တဲ့ နိုဝင်္ဘာ(၆)ရက်၊ ဗုဒ္ဓဟူးနေ့က သွားရောက်ပြသခဲ့တာပါ။ ဒီမတိုင်ခင် Lv ရဲ့ မိသားစုဝင်တွေက နားကို ဖြဲကြည့်တော့ ပိုးဟပ်တွေ ပြွတ်သိပ်နေတာကို အူယားဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်တဲ့။

Lv ကတော့ အသက်(၂၄)နှစ်ဖြစ်ပြီး၊ သူ့ကို တာဝန်ယူစစ်ဆေးခဲ့တဲ့ ဆရာဝန်ကတော့ နားနှာခေါင်းလည်ချောင်း ကျွမ်းကျင်ဒေါက်တာ Zhong Yijin ဖြစ်ပါတယ်။ သူဟာ ဇာကနာနဲ့ပဲ နားထဲက ပိုးဟပ်တွေကို ထုတ်ယူခဲ့ပါတယ်။ ပိုးဟပ် ဘယ်နှစ်ကောင် ဖယ်လိုက်ရတယ်ဆိုတာ သတင်းမှာ ဖော်ပြထားခြင်း မရှိပေမယ့်-

အခြားသတင်းမှာတော့ ဒေါက်တာ Yijin ဟာ ပိုးဟပ်သားပေါက်(၁၀)ကောင်နဲ့ ပိုးဟပ်မိခင်ကြီး တစ်ကောင် ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Lv ဟာ နားလမ်းကြောင်းမှာလည်း ဒဏ်ရာရရှိခဲ့ပေမယ့်၊ အဲဒီနေ့မှာပဲ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)