အလှပြင်ခန်းမထပ်ခိုးမှာ (၁၀)နှစ်ကြာပုန်းနေတဲ့ စပါးအုံးမြွေကြီး၊ ရုတ်တရက်ပြုတ်ကျ

223

တရုတ်နိုင်ငံ၊ Foshan စီရင်စု၊ Chancheng ခရိုင်အတွင်းမှာတည်ရှိတဲ့ အလှပြင်ဆိုင်မှာ (၁၀)နှစ်ကြာ ပုန်းအောင်းနေတဲ့ (၁၄)ပေအရှည်ရှိ စပါးအုံးမြွေကြီးဟာ မြင်ကွင်းမှာ ဝုန်းကနဲ ပေါ်လာတဲ့အဖြစ်ပါ။ ဒီအကြောင်းကို DailyStar သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay က တင်ဆက်လိုက်တာပါ။

အဲဒီမြွေကြီးဟာ အလှပြင်ခန်းမ ထပ်ခိုးမျက်နှာကျက်မှာ (၁၀)နှစ်ကြာ ပုန်းအောင်းနေခဲ့တာလို့ ဆိုင်ရှင်က ပြောပါတယ်။ အကြောင်းကတော့ ဒီမြွေကြီးကို သိပ်အရွယ်မရောက်သေးခင် (၂၀၀၉)ခုနှစ်တုန်းက ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေက ခေတ္တ မြင်တွေ့လိုက်ရပါတယ်။

အဲဒီတုန်းက လိုက်ဖမ်းခဲ့ပေမယ့် နီးစပ်ရာ ခြုံတောထဲမှာ ကျက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့တာပါ။ အဲဒီနောက် မြွေကြီးကို မတွေ့ရတော့ပါဘူး။ ညဘက်ဆိုရင် ဘေးမှာ လူနေတဲ့အခန်းတွေက ထူးဆန်းတဲ့ အသံတွေကို ကြားရလို့ သရဲခြောက်တယ်လို့တောင် ပြောကြပါတယ်။

တကယ်က မြွေကြီးဟာ အိမ်ရာမဲ့ကြောင်၊ ခွေးတို့အပြင် ကြွက်စသည်တို့ကို ဖမ်းယူစားသောက်ရင်း အလှပြင်ခန်း မျက်နှာကျက်အထက်မှာ သူ့နေစရာလို့ သတ်မှတ်ကာ ပုန်းအောင်းနေခဲ့တာပါ။ ဒါပေမယ့် နှစ်ကာလ ကြာလာတော့ မြွေကြီးရဲ့ဒဏ်ကို မျက်နှာကျက်က မခံနိုင်တော့ပါဘူး။

ဒီလိုနဲ့ မြွေကြီးဟာ အောက်ကို ပြုတ်ကျလာပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်္ဘာလ (၁၂)ရက်မှာ ဖြစ်ခဲ့တာပါ။ မြွေကြီးကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ရှင်းလင်းရေးအဖွဲ့တွေက လာရောက်ယူငင်သွားခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ဘေးလွတ်ရာ ပြန်လွှတ်ပေးမှာပါတဲ့။

နတ်သူကြီး-AlinnMyay(အလင်းမြေ)