အမြင့်ပေ(၁၀၀၀)ကနေ ပြုတ်ကျပြီး ကိစ္စချောခဲ့ရတဲ့ နာမည်ကျော် တောင်တက်သမား

45

အမေရိကန် နာမည်ကျော် တောင်တက်သမားတစ်ဦးဟာ အမြင့်ပေ (၁၀၀၀)လောက်ကနေ ခြေပစ်လက်ပစ် ပြုတ်ကျခဲ့ပြီး၊ အခင်းဖြစ်နေရာမှာပဲ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို Mirror သတင်းစာက ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay က ဘာသာပြန်လိုက်တာပါ။

သေဆုံးသူကတော့ Brad Gobright လို့ သိရပြီး အသက်(၃၁)နှစ်ပါ။ အမေရိကန်မှာ အလွတ်တန်းတောင်တက်သမားအဖြစ် နာမည်ကျော်သူဖြစ်ပြီး၊ ပစ္စည်းကိရိယာ အကူအညီမပါဘဲ တောင်တက်တဲ့စတန့်တွေကြောင့် နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။

Brad ဟာ အခင်းဖြစ်ချိန်မှာ သူငယ်ချင်းတောင်တက်သမားတစ်ဦးဖြစ်တဲ့ Aidan Jacobson နဲ့ အတူရှိနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က El Portero Chico က တောင်ကလပ်တစ်ခုကနေ အောက်ကို ပြိုင်တူ ဆင်းလာခဲ့ကြတာပါ။

ဟန်ချက်ညီဖို့အတွက် ပြိုင်တူ ကြိုးတစ်စဆီ သွယ်တန်းဆင်းလာခဲ့ကြတာဖြစ်ပြီး Aidan က ဘယ်ဘက်၊ Brad က ညာဘက်ပါ။ ဒီလိုနဲ့ ပေ(၁၀၀၀)လောက်အရောက်မှာပဲ Brad ဟာ အောက်ကို ရုတ်တရက် ပြုတ်ကျသွားပါတော့တယ်။ Aidan ကတော့ ခြေကျင်းဝတ်ကျိုး ဒဏ်ရာသာ ရရှိခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ တစ်ချို့ကလည်း ဒီမတော်တဆမှုမှာ Aidan ရဲ့ ပယောဂမကင်းတဲ့သဘောမျိုး ပြောဆိုနေကြပါတယ်။ သေဆုံးသူ မိသားစုဝင်တွေကတော့ စုံစမ်းစစ်ဆေးမှုတွေဆီကနေ ရတဲ့အဖြေကို စောင့်ဆိုုင်းနေဆဲပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)