ကလေးမိခင်ဖြစ်နေလို့ Miss World ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အလှမယ်

47

လာမယ့် ဒီဇင်ဘာ(၁၄)ရက်နေ့မှာ ကျင်းပမယ့် Miss World ပြိုင်ပွဲမှာ ယူကရိန်းအလှမယ် Veronika Didusenko တစ်ယောက် ယှဉ်ပြိုင်ခွင့် ရတော့မှာမဟုတ်ကြောင်း သိရပါတယ်။ သူမဟာ ကလေးတစ်ယောက် မိခင်ဖြစ်နေလို့ ပြိုင်ပွဲက ထုတ်ပယ်ခံလိုက်ရတာပါ။

ဒီအတွက် Veronika ဟာ အလွန်စိတ်ဆိုးဒေါသထွက်နေပြီး၊ ပြိုင်ပွဲကျင်းပရေးကော်မတီကို တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း Metro သတင်းက ဖော်ပြထားပါတယ်။ ဒီအကြောင်းကို AlinnMyay က ဘာသာပြန်လိုက်တာပါ။

Veronika ဟာ အသက်(၂၄)နှစ်ဖြစ်ပြီး၊ (၂၀၁၈)ခုနှစ်မှာ Miss Ukraine အလှမယ်သရဖူကို ပိုင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် နောက်ထပ် (၄)ရက်အကြာမှာ သရဖူပြန်သိမ်းခံခဲ့ရပြီး၊ သူမဟာ (၄)နှစ်အရွယ်သားတစ်ယောက်ရဲ့ မိခင်ဖြစ်နေလို့၊ ပြိုင်ပွဲစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။

သူမဟာ ဒီသရဖူကိုသာ ဆက်ပြီးထိန်းသိမ်းထားနိုင်ရင် Miss World ကို ဝင်ရောက်ခွင့်ရမှာ ဆိုပေမယ့် ပိတ်ပင်ခံထားရတဲ့အတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုသွားမယ့်အကြောင်း၊ တရားဥပဒေဘက်ကနေ စိန်ခေါ်မှာဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့တာပါ။

သို့ပေမယ့် Miss ပြိုင်ပွဲတွေရဲ့ အဓိကစည်းမျဉ်းထဲမှာ အိမ်ထောင်မရှိဖူးသူ အပျိုဖြစ်ရမည်ဆိုတဲ့အချက် ပါဝင်တယ်လို့ သိရပါတယ်။ ဒါကို Veronika က လုံးဝမသိကြောင်း ဗြောင်ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ Miss သရဖူရတုန်းက ပေါင် (၂၁၃၀၇၆)တန်ဖိုးရှိ သရဖူနဲ့၊ ငွေသား ပေါင်(၁)သောင်း ရရှိခဲ့ပါတယ်။

Miss ပြိုင်ပွဲကို (၁၉၅၁)ခုနှစ်က စတင်ခဲ့ပြီး၊ ကလေးမရှိသူ၊ အိမ်ထောင်မရှိသူ အပျိုမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဆိုတဲ့စည်းကမ်းချက်ဟာ အခုအချိန်ထိ အသက်ဝင်နေဆဲလို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေကြောင်းအရဆိုရင်လည်း Veronika တစ်ယောက် အနိုင်ရဖို့မရှိပါဘူး။

နတ်သူကြီး-AlinnMyay(အလင်းမြေ)