တရုတ်နိုင်ငံမှာ သူများအသုဘ အငှားလိုက်ငိုပေးရုံနဲ့ တစ်နှစ် ဒေါ်လာ(၃)သောင်းနီးပါးရနိုင်

73

တရုတ်နိုင်ငံမှာ ရှေးတုန်းကကတည်းက ခေတ်စားခဲ့တဲ့ သူများအသုဘကို အငှားလိုက်ငိုပေးတဲ့ ဝန်ဆောင်မှုဟာ အခုအခါမှာလည်း အတော်လေးကို ဝင်ငွေရပေါက်ရလမ်း ကောင်းလာပြီလို့ သိရပါတယ်။ ဒီအလုပ်ကို လုပ်ရုံနဲ့ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ(၂၈၀၀၀)လောက် ရနိုင်ပါသတဲ့။

ဒီအကြောင်းကို NextShark ကနေ ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay ကနေ ဘာသာပြန်လိုက်တာပါ။ Henan စီရင်စုမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ တစ်နှစ်ကို ယွမ်(၂)သိန်းထိ ရနေပါတယ်။ သူမဟာ တစ်ခြားသူစိမ်းတွေရဲ့ အသုဘတွေကို လိုက်ငိုပေးတဲ့အလုပ် လုပ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ပရိုအငိုသမားတစ်ဦးဖြစ်ပြီး၊ နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သူမဟာ အသုဘတွေမှာ ဧရင်ကျူးတဲ့သဘောမျိုး လိုက်လုပ်ပေးရင်း၊ သေသူအတွက် ငိုကျွေးပေးခြင်းနဲ့ သေပြီးနောက် အခြားမဲ့ဘဝမှာ ကံကောင်းပါစေ စသဖြင့် ဆုတောင်းစာများ ရွတ်ဖတ်ပေးခြင်းဖြင့် ဝင်ငွေမှန်နေပါတယ်။

အဆိုပါ အမျိုးသမီးဟာ သူမအသက် (၃၀)လောက်ကတည်းက ဒီအလုပ်ကို လုပ်လာခဲ့တာဖြစ်ကြောင်း၊ အခုဆိုရင် အနှစ်(၂၀)လောက် လုပ်သက်ရနေပြီဖြစ်ပြီး၊ မိနစ်(၃၀)လောက် ငိုကျွေးပေးရုံနဲ့ ယွမ်(၃၀၀)လောက် ရကြောင်း သိရပါတယ်။ တစ်ခါတလေ တစ်ရက်တည်းမှာ အသုဘ (၄-၅)ခုလောက် ငိုပေးရတယ်လို့ သိရပါတယ်။

နတ်သူကြီး-AlinnMyay (အလင်းမြေ)