အထူးအထူး သတိပြု ဆင်ခြင်ရမယ့် ၀က်တုပ်ကွေးရောဂါ (H1N1 Flu/ Swine flu)

275

အထူးသတိပြု ဆင်ခြင်ရမယ့် ၀က်တုပ်ကွေးရောဂါ (H1N1 Flu/ Swine flu)

၂၀၁၉၊ ဇွန်လ(၁၉)ရက် တွင် H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟုသံသယရှိသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာယာဉ်ဖြင့် ရေဝေးသုဿာန်မီးသင်္ဂြိုဟ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါသည်။ ထို့အတွက်ကြောင့် ApannPyay ပရိသတ်ကြီးနှင့်အတူ ပြည်သူများအားလုံး သတိထားနိုင်ဖို့ Rose Hill Hospital မှ ဖော်ပြ သတိပေးထားခဲ့သော H1N1 နှင့် ပတ်သက်သည့် ပညာပေး ဆောင်းပါးအား တဆင့်ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။

ဝက်တုပ်ကွေး။ တစ်နည်းအားဖြင့် H1N1 တုပ်ကွေးဟာ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုး ဖြစ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။

ရိုးရိုးတုပ်ကွေးနဲ့ အလားတူလက္ခဏာတွေကို ဖြစ်စေတဲ့ အသွင်ပြောင်းတုပ်ကွေး ဗိုင်းရပ်စ်ပိုး(H1N1)ကြောင့် ဖြစ်ရတာပါ။ ရှေးယခင်က ၀က်တွေ မှာ ရှိခဲ့တဲ့ တုပ်ကွေးပိုး ဖြစ်ကာ ၀က်မှ လူကို ကူးစက်စေခဲ့တာကြောင့် ၀က်တုပ်ကွေး(Swine Flu)လို့ အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပိုးက တဖြေး ဖြေး ဆင့်ကဲ ပြောင်းလဲ လာခဲ့ပြီး ၀က်မှလူသို့ ကူးစက်ခြင်းမရှိတော့ဘဲ ၂၀၀၉ ခုနှစ်မှာ လူ လူချင်းသာ ကူးစက်စေကာ ကူးစက်ပျံ့နှံ့မှုကြီးကျယ်တာကြောင့် Pandemic အဖြစ် သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။ Pandemic ကူးစက်ပျံ့နှံ့ရောဂါဆိုတာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးက တိုက်နယ် အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲ့ရောဂါဖြစ် ပါတယ်။

တစ်ခုသတိပြု ရမှာက လတ်တလောနာမည်ကြီးနေတဲ့ African Swine Fever(အာဖရိက ၀က်အပြင်းဖျား ရောဂါ)နဲ့ Swine Flu (၀က်တုပ်ကွေး) ဟာ မတူညီတဲ့ ရောဂါ ၂မျိုး ဖြစ်ပြီး ၀က်တုပ်ကွေးကသာ လူတွေ မှာဖြစ်ပွားနိုင်တယ် ဆိုတာကိုပါ။ အဆိုပါ ရောဂါ တွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ၂မျိုး စလုံးဟာ ၀က်တွေ မှာ ရှင်သန်နိုင်ပေမယ့် ၀က်မှ လူသို့ ကူးစက်ခြင်း (လက်ရှိအချိန်အထိ) မရှိပါဘူး။

အိန္ဒိယတွင် ၂၀၁၉ ခုနှစ်အတွင်း ၆၅၀ သေဆုံး

ဝက်တုပ်ကွေး ဟာ လက်ရှိ အချိန်အထိ လူတွေမှာ ဖြစ်နေဆဲ ဖြစ်ပြီး ၂၀၀၉ ကပ်ရောဂါ ဖြစ်စဉ်လောက် မဆိုးရွားတော့ပေမယ့် သတိထား စောင့်ကြည့်ရမယ့် ရောဂါ တစ်ခုအဖြစ် ပညာရှင် တွေက သတ်မှတ်ထား ပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ၂၀၁၉ ခုနှစ် အစောပိုင်းကစလို့ ၀က်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဦးရေ ၆၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဦးရေကလည်း အခုဆိုရင် ၁၂၀၀၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ

ရိုးရိုး ရာသီတုပ်ကွေးလက္ခဏာတွေနဲ့ အတော်လေးတူပါတယ်။ အဖြစ်အများဆုံးရောဂါ လက္ခဏာ တွေကတော့

• ချောင်းဆိုးခြင်း

• ဖျားခြင်း

• လည်ချောင်းနာခြင်း

• နှာရည်ယိုခြင်း

• တစ်ကိုယ်လုံး ကိုက်ခဲခြင်း

• ခေါင်းကိုက်ခြင်း

• ချမ်းတုန်ခြင်း

• မောပန်းခြင်း

• ၀မ်းလျှောခြင်း

• မူးဝေခြင်း၊ အော့အန်ခြင်း

**အဆုတ်ရောင်ခြင်း၊ အဆုတ် ကူးစက်ပိုးဝင်ခြင်း စတဲ့ ပြင်းထန်တဲ့အခြေအနေတွေကို ဦးတည်သွား နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် ပြသင့်လဲ

အောက်ပါလက္ခဏာတွေ တစ်ခုခုရှိ ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ အချိန်မှီ ပြသသင့်ပါတယ်။

ကလေးများတွင်

• အသက်ရှူ မြန် ခြင်း၊ ရှူ ရခက်ခြင်း

• အသားပြာခြင်း

• အရည်လုံလုံလောက်လောက် မသောက်နိုင်ခြင်း

• ဂဏာ မငြိမ် ဖြစ်ခြင်း

• တုပ်ကွေးလက္ခဏာများ ပိုဆိုးလာခြင်း

• ခန္ဓာကိုယ် အရေပြားတ၀ိုက် အနီကွက်များ ထခြင်း

လူကြီးများတွင်

• အသက်ရှူ ရခက်ခြင်း ၊ အသက်ရှူ မ၀ခြင်း

• ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း

• ရုတ်တရက် မူးဝေခြင်း

• ပြင်းပြင်းထန်ထန် ဆက်တိုက် အန်ခြင်း

• တုပ်ကွေးလက္ခဏာ များ ပိုဆိုးလာခြင်း

ဝက် တုပ်ကွေး ဟာ ဘယ်လို ကူးစက်ပါသလဲ

ဝက်တုပ်ကွေးက အလွန်ကို ကူးစက် ပြန့် နှံ့တတ်ပါတယ်။ ရောဂါသည်ရဲ့ တံတွေး၊ ချွဲတွေကတစ်ဆင့် ပျံ့နှံ့ပါတယ်။

• နှာချေခြင်း၊ ချောင်းဆိုးခြင်း( လေထဲ ကို ဗိုင်းရပ်တွေ ပြန့်စေပါတယ် )

• ရောဂါပိုးရှိတဲ့နေရာကို ကိုင်တွယ်မိပြီး မျက်လုံးနဲ့နှာခေါင်းကို ကိုင်ခြင်း (အမှုန်တွေ ကိုင်မိတာ၊ အမှုန်ကျတဲ့နေရာ( တံခါးလက်ကိုင်ဘု၊ လက်သုတ်ပ၀ါ၊ ဘေစင်) တွေကိုကိုင်မိတာ၊ ရောဂါသည် ကိုင်ထားတဲ့ အရာတွေကို ကိုင်မိတာ)

လူနာ ဆီမှာ လက္ခဏာ မပြခင် တစ်ရက်ကတည်းက ပိုးက ပြန့်နှံ့သွားနိုင်ပြီး နေမကောင်းဖြစ်ပြီး ၇ ရက် လောက်ထိ ကူးစက်ပြန့််နှံသွားနိုင်ပါတယ်။ ကလေးတွေမှာ ဆယ်ရက်လောက် ထိ ကူးစက် ပြန့်နှံ့နိုင်ပါတယ်။

***၀က်သားတုပ်ထိုး၊ ၀က်နံရိုး၊ ၀က်ဥချောင်း၊ ၀က်ကင်၊ ၀က်ပေါင်ခြောက်၊ အခြားဝက်နဲ့ဆိုင်တဲ့ စား သောက်ကုန်တွေကနေ မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေး ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

• အသက် ၆၅ နှစ် ထက် ကြီးသူများ

• အသက် ၅နှစ် အောက် ကလေးများ

• ခုခံအား ကျဆင်း နေသူများ ( အေအိုင်ဒီအက်ရောဂါ၊ စသည်)

• ကိုယ်ဝန်ဆောင်များ

• နာတာရှည်ရောဂါသည်များ (လေဖြတ်ရောဂါ၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ ဆီးချို၊ အာရုံကြောကြွက်သားဆိုင်ရာ ရောဂါများ)

• သက်ကြီးရွယ်အို စောင့်ရှောက်မှုဂေဟာမှ လူနာများ

ဝက်တုပ်ကွေးကို ဘယ်လို အတည်ပြု ပါသလဲ

ဝက်တုတ်ကွေးရောဂါ ကူးစက်ခံနေရပြီဟု သံသယရှိလျှင် ဓာတ်မှန်ရိုက်ခြင်း ၊ သွေးစစ်ခြင်း ၊ နှာခေါင်းနှင့် အာခေါင်တို့မှ အချွဲယူ၍ စစ်ဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ဝက်တုပ်ကွေး ကို ဘယ်လို ကုသပါသလဲ

ဗိုင်းရပ်စ် ပိုးသတ်ဆေး oseltamivir (Tamiflu) and zanamivirဆိုပြီး ရှိပါတယ်။ ၀က်တုပ်ကွေးရောဂါဖြစ်စဉ် အများစုက ပိုးသတ်ဆေးပေးကုသဖို့ မလိုအပ်ပါဘူး။ ခုခံအား ကောင်းတဲ့လူ အနေနဲ့ ၀က်တုပ်ကွေးကူးခဲ့ရင် ခုခံအားနဲ့ ပြန်တိုက်နိုင်ပါတယ်။ တုပ်ကွေးရဲ့နောက် ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ မရှိရင် လူနာ အနေနဲ့ ရောဂါ လက္ခဏာတွေ သက်သာလာအောင်နဲ့ အခြားလူတွေဆီ မပျံ့ နှံ့အောင် အဓိက ကုသ ကာကွယ်သင့်ပါတယ်။ အထက်ပါ ပိုးသတ်ဆေးတွေကို ရောဂါ အခြေအနေ ဆိုးဝါးသူတွေမှာပဲ သုံးလေ့ရှိပါ တယ်။

ဝက်တုပ်ကွေး ကာကွယ်ဆေး ရှိပါသလား

နှစ်စဉ် အသစ်ထွက်ရှိတဲ့ သာမန် ရာသီတုပ်ကွေး ကာကွယ်ဆေးက H1N1 ဗိုင်းရပ်စ် အမျိုးအစားကို ပါ ကာကွယ်နိုင်တဲ့ အတွက် တစ်နှစ် ၁ ကြိမ် ထိုးဖို့ အကြံ ပြု ချင်ပါတယ်။

လိုက်နာ ဆင်ခြင်ရမယ့် အချက်များ

• အိမ်၌ ပြည့်ပြည့်၀၀အနားယူခြင်း – ရောဂါပိုးကို တိုက်ဖျက်ရာမှာ ခုခံအားစနစ် ကို အားပေး နိုင် တာကြောင့် ဖြစ်ပါတယ်။

• အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

• လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်သင့်ပါတယ်။

• နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ် သင့်ပါတယ်။

• ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ ရေနဲ့တခြား အရည် များလုံလုံလောက် လောက် သောက်ခြင်း – ဆန်ပြုတ်၊ မြူ စွမ်၊ စွတ်ပြုတ်နဲ့ သစ်သီးဖျော်ရည်တွေက ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေအတွက် ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

• ကိုက်ခဲတာတွေ အတွက် စပ်ဆေးတွေ မသုံးသင့်ဘဲ တရားဝင်အကိုက်အခဲပျောက် ဆေးတွေ ၀ယ်သောက်သင့်ပါတယ်။

• ပိုးသတ် ဆပ်ပြာ(သို့) လက်သန့်စင်ဆေးရည်တွေသုံးပြီး လက် မကြာ ခဏ စင်ကြယ် အောင် ဆေးပေးသင့်ပါတယ်။

• နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို လက်နဲ့ မပွတ်သပ်သင့်ပါ။ ( စမတ်ဖုန်းမျက်နှာပြင် ၊ စားပွဲ ၊ တံခါးလက်ကိုင်၊ စတာတွေမှာ ရောဂါပိုး ရှင်နေနိုင်လို့ပါ )

• ၀က်တုပ်ကွေးဖြစ်နေချိန်မှာ လူစည်ကားရာ အရပ်တွေကို ရှောင်ကြည်သင့်ပါတယ်။ မဖြစ်မနေ သွားရမယ်ဆိုရင် အထူးပြုလုပ်ထားတဲ့ နှာခေါင်းစည်း (Mask) များ ဝတ်ဆင်သင့်ပါတယ်။

• တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနဲ့ ပြုစုစောင့်ရှောက်သူများဟာ နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်ပါတယ်။

အားလုံးကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

Rose Hill Hospital

အမှတ် – ၂၀(က)၊ ကမ္ဘာအေးဘုရားလမ်း

(နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ )၊

ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ။ Ph: 01-558401, 01-558459, 01-552906, 01-552547

Resource – Rose Hill Hospital

(ApannPyay)