Food Box သဘောကို မသိနားမလည်သေးတဲ့သူများ ရှိနေတဲ့ မော်လမြိုင် Food Box

314

Food Box သဘောကို မသိနားမလည်သေးတဲ့သူများ ရှိနေတဲ့ မော်လမြိုင် Food Box

၂၀. ၆. ၂၀၁၉ ဒီနေ့မှာပဲ မော်လမြိုင် လူမှုကူညီရေးအသင်းက ကိုဇင်မိုးတို့ အဖွဲ့သားတွေ ဦးဆောင်ပြီး Food Box ကိုစတင် လုပ်ဆောင်ခဲ့ကြောင်း ကိုဇင်မိုးရဲ့လူမှုကွန်ယက် အကောင့်မှာ တင်ထားတာကို ApannPyay ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

ကိုဇင်မိုးတို့ အဖွဲ့ ဦးဆောင်ပြီး စတင်လုပ်ဆောင် ထားရှိခဲ့တဲ့ Food Box လေးဟာလည်း စားစရာ အစုံအလင်နှင့် သပ်သပ်ရပ်ရပ်လေး စားချင်စဖွယ် လှူချင်စဖွယ် ရှိနေတာကို တွေ့မြင်ရပါတယ်။

မော်လမြိုင်မှာ Food Box ထားရှိခြင်းဟာ ဒီနေ့မှ စတင်ထားရှိတာဆိုတော့ Food Box ရဲ့ သဘောတရားကို နားမလည်သေးတဲ့ ပြည်သူတွေဟာ စတုဒီသာ အလှူလုပ်နေတယ် အထင်များဖြင့် လူတစ်ယောက်တည်း မုန့်မျိုး စုံယူဆောင်သွားကြသူများရော အခေါက်ခေါက်အခါခါ ထပ်ကာထပ်ကာ လာယူကြသူများရော အစုံ ရှိခဲ့ကြောင်းလည်း ပြောထားပါတယ်။

သဘောတရားကို နားမလည်သေးတဲ့ ပြည်သူတွေ ဘယ်လောက်ပဲ ယူယူ လှူဒါန်းသူတွေကလည်း အဆက်မပြတ် လာရောက်လှူဒါန်းမှုများကြောင့် အားလုံး အဆင်ပြေချောမွေ့ ခဲ့ရပါတယ်။

စေတနာရှင်များ အနေနဲ့လည်း လိုအပ်နေတဲ့သူတွေအတွက် အဆင် ပြေသလို လာရောက်လှူဒါန်းသွားကြဖို့ ဖိတ်ခေါ်ထားပါတယ်။ မိမိတို့ စေတနာရှိသလို လာရောက် လှူဒါန်းသွားနိုင်ပါကြောင်းနှင့် ဆာလောင်နေသူတွေအတွက် ခရီးသွားဟန်လွဲ လူတွေအတွက် အစားတလုပ် မုန့်တထုပ် ရေတပေါက်က အရမ်းတန်ဖိုးရှိမှာပါ။ ပကာသနကင်းတဲ့ အလှူမျိုးပါ။

လိုလျှင်ယူသွားပါ … ပိုလျှံနေရင် ပြန်လှူသွားကြပါ။

အခုလို Food Box တွေခေတ်စားလာလေလေ မြန်မာပြည်သူတွေအထဲမှာ မရှိဆင်းရဲသားများ အိမ်ခြေမဲ့ ကလေးသူငယ် လူကြီးများ အစားအသောက် မစားရလို့ ဆာလောင်ငတ်မွတ်ခြင်းကင်းဝေးပြီး ဆာလောင်တဲ့ အချိန်တိုင်း Food Box လေးကို သတိရကာ လာရောက်စားသောက်နိုင်မည်ဖြစ်လို့ မြန်မာပြည်အနှံ့အပြားမှာ Food Box စနစ်လေး ကျယ်ကျယ်ပြန့်ပြန့် ထားရှိနိုင်ကြပါစေလို့ ApannPyay မှ ဆုတောင်းပေးလိုက်ပါတယ်။

လေးစားစွာဖြင့်….ApannPyay

Photo – Zin Moe (မော်လမြိုင်)