သိပ်ချစ်ကြပြီးပျော်ရွှင်ကြတဲ့စုံတွဲတွေဟာ အတူတူဝိတ်တက်လာလေ့ရှိတယ် လို့ လေ့လာတွေ့ရှိ
ဒီတွေ့ရှိချက်က အထူးအဆန်းတော့ဖြစ်စေတာအမှန်ပါပဲ။ အချစ်ရေးနဲ့အိမ်ထောင်ရေးမှာ ပျော်ရွှင်သာယာကြပြီး တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်မြတ်နိုးကြတဲ့ စုံတွဲတွေဟာ အတူတကွဝိတ်တက်လာလေ့ရှိတယ်ဆိုတာ ကျန်းမာရေးပညာရှင်တွေက လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က လုပ်ခဲ့တဲ့ သုတေသနစစ်တမ်းအရ လူရှစ်ထောင်ကျော်ရဲ့ ကိုယ်အလေးချိန်ပြောင်းလဲမှုတွေကို တိုင်းတာတွက်ချက်ယူခဲ့ရာမှာတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ထောင်သက် ခြောက်နှစ်အတွင်းမှာ ပျမ်းမျှ ၂၄ ပေါင် အထိ ဝိတ်တက်လာကြပြီး အတူနေချစ်သူရှိတဲ့ အမျိုးသမီးတွေဟာလည်း ၂၂ ပေါင်အထိ ဝိတ်တက်လာလေ့ရှိပါတယ်တဲ့။ ရည်းစားရှိရုံသာရှိတဲ့ အမျိုးသမီးတွေကတော့ ၁၃ ပေါင်သာ ဝိတ်တက်လာခဲ့တယ်လို့ဆိုပါတယ်။
အလားတူပဲ ချစ်သူနဲ့ ၂နှစ်ခွဲအထိ အတူတကွနေထိုင်တဲ့အမျိုးသားတွေဟာလည်း တစ်ကိုယ်ရည်နေထိုင်သူအမျိုးသားတွေထက် ကိုယ်အလေးချိန် ၂၅ ပေါင် ပိုတက်လာနိုင်ချေရှိပါတယ်တဲ့။
ဒါကြောင့် ပျော်ရွှင်တဲ့စုံတွဲတွေဟာ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ရတဲ့ အချစ်ရေးကြောင့် အတူတကွ ကိုယ်အလေးချိန်တက်လာလေ့ရှိပြီး အချစ်ရေးနဲ့ အိမ်ထောင်ရေးအဆင်မပြေဘဲ မပျော်ရွှင်တဲ့ စုံတွဲတွေကတော့ စိတ်ဒုက္ခဒဏ်ကြောင့် ကိုယ်အလေးချိန်တက်လာခြင်းမရှိတော့ပါဘူးတဲ့။
သတိပြုစရာတစ်ချက်ကတော့ ကျန်းမာရေးရှုထောင့်အရတော့ ကိုယ်အလေးချိန်အလွန်အမင်းထိုးတက်လာခြင်းဟာ ထိန်းချုပ်ဆင်ခြင်ရမယ့် ကျန်းမာရေးအသိဖြစ်ပါတယ်။ အဝမလွန်အောင်တော့ BMI ကို အမြဲစစ်ဆေးပေးနေဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။
ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။
EFIL (ApannPyay)