သေခြင်းတရားဆိုတာ ကြောက်စရာ မဟုတ်ပါဘူးဆိုတဲ့ ကစ်ကစ်

283

မြန်မာ ရုပ်ရှင်ကားတိုင်းလိုလိုမှာ ပါဝင်တတ်တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ကစ်ကစ်ကတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကကနေ အနားယူနေရသလို ဆေးရုံနဲ့ ကုတင်ပေါ်မှာပဲ လှဲနေရတဲ့အချိန်တွေ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့ ကစ်ကစ်ကတော့ ကျန်းမာရေးကတော့ ကောင်းလိုက်မကောင်းလိုက် ဖြစ်နေတာကြောင့် လက်ရှိမှာ သူ့အနေနဲ့ ဘာသာတရားကိုသာ လုပ်နေပြီး သေခြင်းကောင်းဖို့အတွက်ပဲ ကြိုးစားနေတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

ကစ်ကစ်ကတော့ “အော် ငါသေချင်တိုင်းလည်း သေလို့မရပါလား။ စိတ်ညစ်တယ်။ စိတ်အားငယ်တယ်။ မဖြစ်ဘူး။ ငါလူမလုပ်ချင်တော့ဘူး။ သေသွားရင် ငါ့ဘဝကြီး ငြိမ်းချမ်းသွားမယ်။ မဟုတ်ပါဘူး။ သေသွားတော့မှာ ကိုယ်လုပ်ထားတဲ့ အကုသိုလ် ကုသိုလ်တွေက ပြန်ပြီးတော့ ခံစားရမှာ အဲ့အတွေးတခုတော့ ဝင်လာပါတယ်”

“မျက်စိကတော့ တော်တော်လေး မှောက်ကျနေပြီ ဒါပေမယ့်လည်း စိတ်ဓါတ်တော့မကျသေးပါဘူး။ နားကောင်းသေးတယ် စကားပြောနိုင်သေးတယ်။ စကားပြောတာကမှ ပေါက်ပေါက်ဖောက်နိုင်သလောက်ကို ကောင်းတာ။ ဦးနှောက်တွေလည်း ကောင်းသေးတယ်။ ကျန်တဲ့နေရာတွေကောင်းသေးတော့ စိတ်ဓါတ်မကျသေးပါဘူး။ အောက်ဆီဂျင်တွေ မရူရတော့ဘူး။ အဆုတ်သမားတွေ ရူတဲ့ဆေးတွေ မသောက်ရတော့ပါဘူး။ အရမ်းကြီး မောလာတာတွေ မရှိတော့ဘူး”

“ဒါဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက်ပဲပေါ့နော်။ တရားထိုင်တာတွေကလည်း ရောဂါဖြစ်တာတွေကို များစွာ အထောက်အကူပြုတယ်လို့ ကြားဖူးတယ်။ ရောဂါကို ပျောက်စေနိုင်တာထက် အဲ့ဒီရဲ့အေးချမ်းမှုကို ကိုယ်က သဘောကျတာ။ အဲ့တော့ ကောင်းသထက်ကောင်းအောင် ငါ့ကို ကြိုးစားဖို့ အချိန်ပေးတာပဲဆိုပြီးတော့ ဘာသာရေးကို လုပ်ဖြစ်သွားတာပါ”

“သေခြင်းတရားဆိုတာကတော့ ကြောက်ဖို့မဟုတ်ပါဘူး။ သေခြင်းတရားဆိုတာ လက်ရှိခန္ဓာကိုယ်မှာ ရှိနေတဲ့ အစိတ်အပိုင်းတခု ချို့ယွင်းသွားလို့ နောက်ထပ် တနေရာကို ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်ပေါ် မူတည်ပြီးတော့ ပြောင်းလဲခြင်း တခုပါပဲ။ တဖြည်းဖြည်း ကိုယ့်ကိုကိုယ် အကုသိုလ်ကို နည်းအောင် ကြိုးစားပြီးတော့ တည်ဆောက်တယ်။

အဲ့လိုလုပ်ရင်း သေခြင်းတရားဆိုတာ ကြောက်စရာမဟုတ်ဘူးဆိုတာကို သိလာတယ်။ အခုချိန်မှာတော့ ဒါလေးတွေကို ကြိုးစားပြီးတော့ ကိုယ့်အတွက်သေခြင်းကောင်းဖို့ ပြင်ဆင်နေတယ်ပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း ကစ်ကစ် တယောက် အမြန်ဆုံး သက်သာအောင် ဆုတောင်းပေးလိုက်ကြဦးနော်။

ApannPyay