Victoria လေးသည် တစ်ယောက်ထဲမဟုတ်ပဲ လိင်အကြမ်းဖက်ခံမှုနဲ့ ကြုံတွေ့နေရတဲ့ ကလေးသူငယ်အားလုံးကို ကိုယ်စားပြုနေတယ်လို့ ပန်ဆယ်လိုပြော

154

တစ်နိုင်ငံလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြတဲ့ Victoria လေးအမှုနဲ့ ပတ်သက်ပြီး Victoria လေးဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် လိင်ဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကြုံတွေ့နေရတဲ့ ကလေးသူငယ်အားလုံးကို ကိုယ်စားပြုနေပါတယ်လို့ အိပန်ဆယ်လိုပြောကြားခဲ့ခြင်းကို ApannPyay မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

Victoria လေးကိစ္စဟာ တစ်လကျော် ကြာတဲ့အထိ တရားခံမပေါ်သေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး လူထုရဲ့ ဒေါသဟာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပါတယ်။

V-Case ကို ဝန်းရံနေကြတဲ့ လူသိများသူတွေ (တစ်ဖက်က အမြင်ကပ်ကပ်နဲ့ ရွဲ့ခေါ်တဲ့ Social Influencer ကြီးတွေ)ဟာ ရေးသားတဲ့အခါမှာ အမှုမပေါ်သေးတာနဲ့ ပတ်သက်ပြီး ရေးသားတာပဲ ရှိပါတယ်။ သံသယဝင်နေကြတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ အကြောင်း ရေးသားတာ မရှိပါဘူး။

အခြားလူတွေတော့ အတိအကျအာမခံရဲပေမယ့် (သူတို့လည်း အဲ့လိုမရေးပါဘူး) ကျွန်မကတော့ လုံးဝ မရေးသားခဲ့ပါဘူး။ ဒီညီအစ်ကိုနှစ်ယောက်ပါလို့ လမ်းကြောင်းပေး ရေးသားခဲ့တာမျိုး မရှိသလို ပုံတင်ဖို့ ဝေးစွပါပဲ။ ကျွန်မပိုစ့်အောက်မှာ လာမန့်ကြတဲ့ သူတို့ပုံတွေကိုတောင် နိုင်သလောက် ဖျက်ပေးနေပါသေးတယ်။

အမှုမှန်မပေါ်ခင်မှာ လူတိုင်းကို သံသယဝင်ခွင့် ရှိပါတယ်။ တက်အက်စွပ်စွဲခွင့်၊ သူတို့ကို ပုံတွေတင်ပြီး တရားခံပါလို့တော့ ပြောခွင့် မရှိပါဘူး။ Ethic ပိုင်းအရ ဒါဟာ မှားယွင်းတယ်လို့ ဆိုနိုင်ပါတယ်။ တရားဥပဒေဘက်က ကြန့်ကြာနေတဲ့ နောက်ဆက်တွဲအနေနဲ့ Public Justiceရဲ့ ပြဿနာတွေပါပဲ။ တင်တဲ့လူတွေဟာ တစ်ဖက်ကို တိုက်ခိုက်ချင်တာထက် အမှုမှန်မပေါ်နိုင်ကြောင့် ကိုယ့်တရားကိုယ်စီရင်ရာကနေ ဖြစ်လာတဲ့ အလွဲတွေလို့ ဆိုလိုနိုင်ပါတယ်။

အကယ်၍များ၊ ထပ်ပြောပါမယ်… အကယ်၍များပေါ့။ ကျူးလွန်သူဟာ ဒီကလေးနှစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် သူတို့အတွက် အရမ်းနစ်နာပါတယ်။ ဒါပေမယ့် ဒီစကားဟာ သူတို့မဟုတ်ပါဘူးလို့ လမ်းကြောင်းပေးတဲ့စကား မဟုတ်ပါဘူးနော်။ သူတို့ဖြစ်ခဲ့ရင် သူတို့ ပြစ်ဒဏ်ကျကို ကျခံရမှာပါ။ ကျခံစေချင်ပါတယ်။ ကျခံထိုက်ပါတယ်။

တရားခံက ဘယ်သူဖြစ်နိုင်တယ်၊ ဘယ်ဝါဖြစ်နိုင်တယ်ဆိုတာ တာဝန်ရှိသူတွေက ပြုလုပ်ရမှာပါ။ ဒါပေမယ့် ဒီလောက်နေရာကျဉ်းကျဉ်းလေးမှာ စုံစမ်းစစ်ဆေးဖို့ ကျေနပ်လောက်စရာ အနေအထား မရခဲ့တဲ့အတွက် လူတွေရဲ့ပါးစပ်က ဟိုလူဖြစ်နိုင်တယ်၊ ဒီလူဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ထွက်လာတော့တာပဲ။ သံသယဖြစ်စရာ တိုက်ဆိုင်မှုတွေ ရှိနေသလို၊ ဒီလိုပျံ့နှံ့လာတဲ့ ပုံတွေ စွပ်စွဲမှုတွေကို စွပ်စွဲခံရသူတွေဘက်က ငြိမ်ခံနေတာဟာလည်း စွပ်စွဲသူတွေရဲ့ သံသယကို ပိုအားကောင်းလာစေနိုင်ပါတယ်။

ဒီကြားထဲ ဒီအမှုဟာ ဖော်ထုတ်ဖို့ မလွယ်ဘူးဆိုတဲ့ စကားတွေ ကြားရတာကလည်း လူတွေကို ပိုဆွပေးလိုက်သလိုပါပဲ။ မလွယ်လို့ ဒီအမှုက ဒီလူတွေကို စစ်ဆေးခိုင်းတာ… လွယ်မှတော့ ဒီအဆင့်တောင် ရောက်မလာဘူး။ ကျွန်တော်တို့ အမှုမှန်ပေါ်အောင် မဖြစ်မနေ ဖော်ထုတ်နေပါတယ်ဆိုတဲ့ စကားအစား မလွယ်ဘူး ဘာဘူးတွေ ထွက်လာတာဟာ လူတွေကို ပိုအယုံအကြည်ကင်းမဲ့စေပြီး Public Justice ဘက်ကို ဦးတည်စေတာပါပဲ။

အမှုမှန်မဖော်ထုတ်နိုင်သေးခင်မှာ ဘာသတင်းမှ မထုတ်ပြန်ရဘူးဆိုတဲ့ သတ်မှတ်ချက်ရှိရင် ဘာတစ်ခုမှ မထုတ်ပြန်ပါနဲ့။ DNAက ဘယ်သူနဲ့မှမတူဘူးတို့၊ DNAအဖြေအရ သံသယဖြစ်နေတဲ့ ညီအစ်ကို နှစ်ယောက်နဲ့ မတူဘူးဆိုတာတွေကို ကွက်ထုတ်ပြန်နေတာဟာလည်း ပိုပြီး အယုံအကြည်ကင်းမဲ့စေပါတယ်။

စိတ်ခံစားချက်အတိုင်း ရိုးသားစွာ ပြောရရင် ညီအစ်ကို နှစ်ယောက်ပုံတွေ ဖဘမှာ ပျံ့မလာခင် အရင်မြင်ဖူးကတည်းက မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာလည်း အသက်မပြည့်သေးတဲ့ ကလေးအရွယ်တွေမို့ပါပဲ။ သူတို့ရဲ့ အနာဂတ်နဲ့ ဖြတ်သန်းရတော့မယ့် ဒုက္ခတွေဟာ ဝမ်းနည်းစရာဖြစ်နေလို့ပါ။ ဒါပေမယ့် ဟုတ်နေခဲ့ရင်တော့ ထိုက်တန်တဲ့ပြစ်ဒဏ် ပေးကို ပေးရပါမယ်။ ရကို ရရပါမယ်။ ကျူးလွန်သူ အမှန်သာ ဖြစ်ပါစေ… သနားစရာကို မရှိပါဘူး။

သံသယဖြစ်ခံရသူတွေဘက်ကို စာနာပါ၊ စာနာပါဆိုလို့ ပြောပြတာပါ။ စာနာပါတယ်။ စာနာမှု ပေးနိုင်ပါတယ်။ ဆရာမကို စာနာပါ၊ ကျောင်းဘက်ကို စာနာပါ။ ဟုတ်ပါပြီ… စာနာပါတယ်။

ဒါပေမယ့် အသက်သုံးနှစ်မပြည့်သေးတဲ့ မဖူးပွင့်ရသေးတဲ့ အငုံအဖူးလေး၊ လူမမယ်ကလေးအရွယ်လေးအပေါ် စာနာရတဲ့ စာနာမှုထက် ပိုပြီးစာနာပေးဖို့ နှလုံးသားမရှိပါ။

Victoria လေးဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် လိင်ဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကြုံတွေ့နေရတဲ့ ကလေးသူငယ်အားလုံးကို ကိုယ်စားပြုနေပါတယ်။

V- War ကျရှုံးသွားလို့ မဖြစ်ပါဘူး။ We Save You, Victoria. အိပန်ဆယ်လို