ရည်းစားနဲ့အတူတက်ရမယ့် ကျောင်းကပွဲကို ရည်းစားမရှိလို့ ရည်းစားနေရာမှာ ကြောင်ကို အစားထိုးတဲ့ ကျောင်းသား

180

မင်္ဂလာပါ ApannPyay ချစ်ပရိတ်သတ်ကြီးရေ။ ခုဖတ်နေတဲ့အထဲမှာ ကြောင်လေးတွေခွေးလေးတွေကို အသည်းခိုက်အောင် ချစ်တတ်တဲ့သူတွေရှိမယ်လို့ ထင်မိပါတယ်။ ခုခေတ်မှာတော့ ကြောင်လေးတွေခွေးလေးတွေကို အိမ်ရဲ့မိသားစုဝင်အဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။ တစ်ချို့ဆိုခွေးလေးကို ခွေးလို့ခေါ်တာ မကြိုက်သလို ကြောင်ကို ကြောင်လို့ခေါ်တာမကြိုက်တတ်သူတွေလည်းရှိတာအမှန်ပါ။

Sam Steingard လို့အမည်ရတဲ့ကောင်လေးကတော့ ကျောင်းကပွဲကို ခေါ်သွားဖို့အတွက် ဒိတ်လုပ်ထားတာမျိုးမရှိခဲ့ပါဘူး။ ဒါ့ကြောင့် သူတို့အိမ်မိသားစုဝင်ဖြစ်တဲ့ ရူဘီ လို့အမည်ရှိတဲ့ကြောင်လေးကို ကပွဲကို ခေါ်သွားဖို့ အကြံရသွားခဲ့ပါတယ်။ သင်ဆိုရင်ရော ကျောင်းကပွဲကနီးလာပြီ။ သင့်မှာတွဲမယ့်ကောင်မလေးမရှိရင်ရော ဘယ်လိုစိတ်ကူးမိမလည်း။

၁၈ နှစ်သာရှိသေးတဲ့ စန်မ်ကတော့ ရိုးရှင်းစွာ ဆုံးဖြတ်လိုက်ပါတယ်။ ကျောင်းကပွဲက အရမ်းနီးနေပြီ ဒိတ်ထားတဲ့သူလည်းမရှိဆိုတော့ ရူဘီလေးကိုပဲ သူ့ရဲ့တွဲဖက်အဖြစ် ကပွဲကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း သူကတော့ အစီအစဉ်တိုင်းမလုပ်တော့ဘဲ Photoshoot သာလုပ်ခဲ့ပါတယ်။ သိပ်ကို လိုက်ဖက်လွန်းလို့ အင်တာနက်သုံးသူ အသိုင်းအဝိုင်းကတော့ ဒီစုံတွဲလေးကို သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။

ဒီချစ်စရာပုံလေးတွေကို စန်မ်ရဲ့ ညီမဖြစ်သူ ကယ်ရိုလိုင်း ကမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ရူဘီလေးကို ခေါ်သွားမယ်ဆိုတော့ စန်မ် မေမေဟာ ဂါဝန်လှလှလေးတစ်ထည် ဝယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဓါတ်ပုံရိုက်ဖို့ စိတ်ကူးပေါက်သွားပုံရတယ်လို့ ထင်မိပါတယ်။ ဒီလိုမျှဝေလိုက်တဲ့အခါမှာ လူတိုင်းကချစ်မြတ်နိုးကြပြီး မီဒီယာတွေအထိပါ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ထိုသို့ မျှဝေလိုက်တဲ့အခါ မှတ်မှတ်ရရ လူတစ်ယောက်က ကွန်မန့်မှာ ဒီလိုရေးသားခဲ့ပါတယ်။ ” ငါ့ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်က ငါ့ကို အမြဲတမ်းအရိပ်တကြည့်ကြည့် ကြည့်နေမယ့်သူမျိုး။ ရူဘီက စန်မ့်ကို ကြည့်နေသလိုမျိုးလေး ” ဆိုပြီး ရေးသားခဲ့ပါတယ်။

စန်မ်က ရူဘီကို သိပ်ချစ်သိပ်ဂရုစိုက်သလို ရူဘီကလည်း စန်မ်ကို သိပ်ကပ်ပြီး သိပ်ချစ်တယ်လို့ သိရပါတယ်။ ရူဘီဟာ စန်မ် သူ့ကို ကလေးသံလေးနဲ့ ခေါ်တဲ့အခါမျိုးတွေဆို ရူဘီသိပ်ကြိုက်တယ်လို့ ဆိုပါတယ်။ ApannPyay ပရိတ်သတ်ကြီးအနေနဲ့ရော ဒီလိုအလိုက်သိတတ်ပြီး ကိုယ့်အသည်းကို မခွဲမယ့် ကြောင်မျိုး ခွေးမျိုးလေးတွေ မမွေးထားချင်ဘူးလား။ ဒီချစ်စရာကောင်းတဲ့ စုံတွဲလေးကိုရော ဘယ်လိုမြင်လည်းပြောသွားဦးနော်San Htet Wai ( ApannPyay )Source – Elite Readers