သူတို့တွေရဲ့ ပစ်မှတ်ကတော့ အားနွဲ့တဲ့ အမျိုးသမီးတွေပဲ

264

မူးယစ်နွံထဲက လူငယ်တွေနဲ့ မုံရွာမြို့ပေါ်က လုယက်မှုများ

မောင်လေးငယ်ငယ်

မုံရွာ၊ ဇူလိုင်၂၀

မူးယစ်နွံထဲက ရုန်းမထွက်နိုင်ခဲ့တဲ့ လူငယ်တစ်စုကို လုယက်မှုနဲ့ ရဲတပ်ဖွဲ့က ဇူလိုင် ၂၀ ရက် နံနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလူငယ်တွေကတော့ အလုံ ကင်းချောင်းနဲ့ စစ်ပင်ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူငယ် ၇ ယောက်ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက် ၁၅ နှစ်မရှိတတ် ရှိတတ်လူငယ်တစ်ဦးလဲ ပါဝင်ခဲ့တယ်။

သူတို့တွေရဲ့ ပစ်မှတ်ကတော့ အားနွဲ့တဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

သူတို့တွေကျူးလွန်ကြတာကတော့ ဇွန်လဆန်းပိုင်းကတည်းက အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ စိန်ပန်းပြာလမ်းထောင့်မှာ ကလေးပေါက်စလေးပါတဲ့ ကျောင်းဆရာမ ဆိုင်ကယ်လုတာက စရပါမယ်။

နောက်ထပ် ရဲတပ်ဖွဲ့ စစ်ဆေးလို့ လောလောဆယ်ပေါ်ပေါက်တာကတော့ ဗိုလ်ချုပ်လမ်းပေါ် စစစ ရုံးရှေ့ ဆိုင်ကယ်စီးနဲ့သွားနေတဲ့ အမျိုးသမီးဆီက လုသွားတဲ့ဖြစ်စဉ်တစ်ခု နောက်ထပ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်မရောက်ခင် အမှတ် ၁၁ တပ်မတော် ပညာရေးကျောင်းရှေ့ဆိုင်ကယ်စီးသွားတဲ့ အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်လုခဲ့တယ်လို့ ရဲတပ်ဖွဲ့ က ဆိုပါတယ်။ နောက်တစ်မှုက အလုံ ဗဒုံရပ်ကွက်က အမျိုးသမီးရဲ့ ပိုက်ဆံအိတ်ပါ။

“ လောလောဆယ် ဖုန်းလေးလုံးတော့ လိုက်သိမ်းပြီးသွားပြီ။ ဒီညထပ်စစ်ပြီး ပေါ်တဲ့ဟာတွေ မနက်မှ လိုက်သိမ်းရဦးမယ်။ အချို့ ပိုက်ဆံအိတ်တွေတော့မြစ်ကမ်းနဘေးလွှတ်ပစ်ခဲ့တယ်ဆိုလို့ လိုက်သိမ်းတာမြစ်ရေက တက်နေတော့ ရေထဲပါကုန်ပြီ” ဟု မုံရွာမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်အောင်ထွန်းဝင်းက ပြောပါတယ်။

လက်ရှိ တရားရုံးချုပ်ရီမန်ယူပြီး စစ်ဆေးနေတဲ့ လူငယ်တွေထဲက နှစ်ယောက်မှာ မူးယစ်ဆေးဝါး မသုံးရသဖြင့် ယင်းထနေကြတယ်လို့ အဆိုပါအရာရှိက ဆက်ပြောပါတယ်။

လုယက်မှု ကျူးလွန်တဲ့ လူငယ်တွေကို ဖမ်းဆီးရမိဖို့အတွက် စီမံချက်ရေးဆွဲပြီး အရပ်ဝတ်ရဲတွေ ဖြန့်ကျက်ကာ နေရာအနှံ့အပြားကို တာဝန်ချထားခဲ့ရတယ်လို့ ပြီးခဲ့တဲ့လတုန်းက လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရုံးခန်းမှာ စာရေးသူနဲ့ ဆုံတွေ့စဉ်က စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လေးစိုးက ပြောဆိုခဲ့ပါတယ်။

အရပ်ဝတ်ဖြင့် အသွင်ယူကာ ရဲတွေ လမ်းပေါ်ချထားတာဆိုရင် တစ်လလောက်ရှိပြီလို့ တာဝန်ကျ အရာရှိတစ်ဦးက ပြောပါတယ်။

ယင်းလူငယ်တစ်စုကို ဖမ်းမမိခင် ကတည်းက လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်ကလည်း “ ဒီကောင်တွေ ဆေးသမားတွေ ဖြစ်ဖို့များတယ်” လို့ မှတ်ချက်ပြုဘူးပါတယ်။

ပြစ်မှုကျူလွန်ခဲ့တဲ့ လူငယ်တွေထဲက ပထမဆုံးတစ်ယောက်ကို စတင်ဖမ်းမိတာက အိုးဘိုတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးနှင့် အဖွဲ့က ဇူလိုင် ၁၉ ရက် ညပိုင်းကပါ။

“ ကျွန်တော်တို့တွေ ဒီကောင်တွေအဖွဲ့ကိုချောင်းနေတာ ကြာပြီဗျာ့။ ဖြစ်ချင်တော့ ဒီကောင် အလုံတံတားပေါ်က အမျိုးသမီးတစ်ယောက်ရဲ့ ပိုက်ဆံအိပ်ကိုလုပြေးလာတုန်း ရပ်ကွက်ကလူတွေနဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ ၀ိုင်းဖမ်းပြီး နယ်ထိန်းလက်အပ်လိုက်တာ” ဟု ဦးခိုင်မိုးဦးကပြောပါတယ်။

သူကတော့ ဆိုင်ကယ်ခိုးမှုနဲ့ ထောင်ကျဘူးတဲ့ အလုံ ကင်းချောင်းက အသက် ၂၆ နှစ်အရွယ်မွှေးနီ(ခ)ငပိန်(ခ)သက်ဖြိုးဝေ ဆိုသူပါ။

သူ့ကို ရဲတပ်ဖွဲ့က တစ်ညလုံးစစ်ဆေးလိုက်တော့သူနဲ့အတူပြစ်မှုကျူးလွန်တဲ့ လူငယ်ခြောက်ယောက်ကို ဒီနေ့မနက်က ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေပြီးလို့ တရားရုံးကို တရားစွဲဆိုတင်ပို့ပြီးရင်တော့ လူငယ်တစ်စုဟာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ ထောင်နှစ်ရှည်ကျခံကာပေးဆပ်သွားရဦးမှာ ဖြစ်ပါတယ်။

မောင်လေးငယ်ငယ်