(၆) နှစ်လုံးလုံး ကျောင်းထိ သူငယ်ချင်းကို ကုန်းပိုးသယ်လာတဲ့ ကျောင်းသားလေး

119

အချစ်ဆုံး သူငယ်ချင်းကို (၆) နှစ်လုံးလုံး ကျောင်းကို ကုန်းပိုးသယ်လာတဲ့ ကျောင်းသားလေး

အသက် (၁၂) နှစ် အရွယ် ကျောင်းသားလေး တစ်ဦးဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သူကို နေ့စဉ်ချီပိုးပြီး ကျောင်းကို ခေါ်လာလေ့ ရှိပါတယ်။ တရုတ်နိုင်ငံ Qingshen ကောင်တီက Hebazi Town Central မူလတန်း ကျောင်းက ဖြစ်ရပ်လေးပါ။

မိုးရွာရွာ နေပူပူ၊ သူငယ်ချင်းနှစ်ဦးဟာ ဒီပုံစံအတိုင်းပဲ ကျောင်းလာလေ့ ရှိပါတယ်။ ကျောင်းသားလေး ကျန်းကျီဟာ အသက် (၄) နှစ် အရွယ်မှာကတည်းက ရှားပါး အကြောရောဂါ တစ်ခုဖြစ်ပြီး ခြေထောက်တွေ မသန်တော့ ပါဘူး။ ကျန်းကျီဟာ သူတစ်ယောက်တည်း လမ်းမလျှောက်နိုင် ပါဘူး။

ဒါပေမယ့် ကျန်းကျီကို အမြဲတမ်း ကျောင်းတက်နိုင်အောင် ကူညီပေးနေတဲ့ သူငယ်ချင်းတော့ ရှိပါတယ်။ အဲဒါကတော့ ရှုဘင်းယမ်ဆိုသူ ကျောင်းသားလေးပါ။ ရှုဘင်းယမ်က ကျန်းကျီနေ့တိုင်း ကျောင်းတက်နိုင်အောင် ဆိုပြီး သူငယ်ချင်းဖြစ်သူကို ကျောင်းသွားတိုင်း ကုန်းပိုး ချီသွားလေ့ ရှိပါတယ်။

ပီးတော့ အတန်းတစ်တန်းကနေ နောက်တစ်တန်းဆီ ကူးပြီး စာသွားသင်တဲ့ အခါမျိုး မှာလည်း ရှုဘင်းယမ်ဟာ သူငယ်ချင်းကို လိုက်ပို့တတ် ပါသေးတယ်။ (၆) တန်း ကျောင်းသားကြီး နှစ်ယောက်တို့ဟာ နေ့တိုင်း ပျော်ရွှင်စွာ ကျောင်းသွားကြပါတယ် ။

ရှုဘင်းယမ်က ခြေထောက် မသန်ရှာတဲ့ သူ့သူငယ်ချင်းကို အရမ်း ချစ်ခင်ပုံ ရပါတယ်။ သူငယ်ချင်းအတွက် ရေဘူးဖြည့်ပေးတာ၊ စာအုပ်သွား ထပ်ပေးတာ၊နဲ့ အိမ်သာသွားတဲ့ အခါမျိုးက အစ သူငယ်ချင်းကို သေချာ စောင့်ရှောက်ပေး ပါတယ်။

ကျန်းကျီကတော့ အနွံတာ ခံလှတဲ့ သူ့သူငယ်ချင်းနဲ့ ပတ်သက်လို့ စီချွမ်အွန်လိုင်းကို အခုလို ပြောပြပါတယ်။ “ရှုဘင်းယမ်က ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းပါ။ နေ့တိုင်း ကျွန်တော်တို့ စာအတူတူ လုပ်ကြတယ်၊ စကားတွေ ပြောကြတယ်၊ ဆော့ကြပါတယ်။ ကျွန်တော့် အတွက် ဒီလို သူငယ်ချင်းမျိုး ရှိနေတာ ကျေးဇူးတင်စရာ ကောင်းပါတယ်…”

သူတို့နှစ်ဦးကို စာသင်ကြားပေးတဲ့ ဆရာမကတော့ ရှုဘင်းယမ်နဲ့ ပတ်သက်လို့ ရှုဘင်းယမ်ဟာ စာကြိုးစားပြီး ရိုးသားတဲ့ သူငယ်လေး ဖြစ်ကြောင်းနဲ့ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်သူ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ် ။

ရှုဘင်းယမ်ကတော့ “ ကျွန်တော်က (၈၈) ပေါင်လောက် ၀ိတ် ရှိတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ (၅၅) ပေါင်ပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို မနိုင်တာပေါ့။ ကျွန်တော်က လူကောင် ပိုထွားတယ်လေ။ တကယ်လို့ ကျွန်တော်သာ ကျွန်တော့် သူငယ်ချင်းတွေကို မကူညီဘူး ဆိုရင် ဘယ်သူမှ ကူညီမှာ မဟုတ်ဘူး..” လို့ ပြောပြခဲ့ ပါတယ်။

လင်းလင်း (ShweMom)