တူမအရင်းကို ကိုယ်ဝန်ရသည်အထိ အကြိမ်ကြိမ် မုဒိမ်းကျင့်ပြီး ထွက်ပြေးနေသည့် ဦးလေးကို ရဲတပ်ဖွဲ့လိုက်လံ ရှာဖွေနေ

246

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်​၊ ကျိုက်လတ်မြို့နယ်မှ တူမအရင်းဖြစ်သူကို ကိုယ်ဝန်ရသည်အထိ အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည့် ဦးလေးဖြစ်သူကို မိန်းကလေးငယ်၏ မိဘများက မုဒိန်းမှုဖြင့် အမှုဖွင့်ထားပြီး တရားခံဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်နေသဖြင့် ကျိုက်လတ်မြို့နယ် ရဲတပ်ဖွဲံက လိုက်လံရှာဖွေနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျိုက်​လတ်​မြို့နယ်​၊ ပရိုက်​ဝအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူအား ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ၎င်း၏ဦးလေးအရင်း (အဒေါ်၏ယောက်ျား)တော်စပ်သူ မျိုးဆွေ (အသက် ၃၈ နှစ်) မှ အိမ်တွင် လူကြီးများမရှိခိုက် တပတ်လျှင်တကြိမ်နှုန်းဖြင့် ၄ ကြိမ်တိတိ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မိဘများကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု မိန်းကလေးငယ်အား ခြိမ်းခြောက်ထားကြောင်း သိရသည်။

ဦးလေးဖြစ်သူ၏ ခြိမ်းခြောက်မှုကြောင့် မိဘများကို ဖွင့်မပြောခဲ့သည့် အဆိုပါ အမျိုးသမီးငယ်မှာ ဇူလိုင်လဆန်းပိုင်းက ကျန်းမာရေးမကောင်းသည့်အတွက် ဆေးခန်းပြချိန်တွင် မိန်းကလေးငယ်၌ ကိုယ်ဝန်ရှိနေကြောင်း မိဘများသိရှိခဲ့ပြီးနောက် မိမိ၏တူမဖြစ်သူ အသက်မပြည့်သေးသည့်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူ မျိုးဆွေ (၃၈ နှစ်) ပရိုက်ဝကျေးရွာနေသူအား ကျိုက်လတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“ကျနော့်သမီးကို ကြည့်ရတာ ဒီရက်ပိုင်းမှာ ပုံမှန်​ မဟုတ်​ဘူးဖြစ်နေတယ်။ အန်လဲအန်တယ်။ အဲဒါနဲ့ စိတ်​ပူလို့ ​ဆေးခန်းသွားပြတော့ ဆရာဝန်​က ​မေးတယ်​။ က​လေးမ​လေးက ​ယောက်ျားရှိလားလို့မေး​တော့ မရှိပါဘူး။ ကိုးတန်းကျောင်းသူပါ။ အသက်​ ၁၆ နှစ်​ပဲ ရှိပါ​သေးတယ်လို့ပြောလိုက်တယ်။ အဲ့ကျမှ ဆရာဝန်ပြောပြလို့ ကလေးမှာ ကိုယ်ဝန်ရှိနေမှန်း သိရတယ်။ ကျနော့်အမေက သူ့မြေးမကို ဘယ်သူလုပ်တာလဲ ချော့မေးတော့ ကျနော့်အစ်မယောက်ျား ဥိးမျိုးဆွေဆိုတာ သိတာနဲ့ ကျနော်ကိုယ်တိုင် တရားလိုလုပ်​ပြီး ကျိုက်​လတ်​ရဲစခန်းမှာ အမှုဖွင့်​ခဲ့တာ။ တရားခံက အခု ထွက်ပြေးနေဆဲပဲ”ဟု ကျူးလွန်ခံရသည့်အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးလေးဖြစ်သူ၏အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရရှိခဲ့သည့် မိန်းကလေးငယ်မှာ ဇူလိုင်လ တတိယပတ်အတွင်းက ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် သားယောက်ျားလေး မွေးဖွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ပိုလီယိုဝေဒနာရှင်အမျိုးသမီးအား ကျေးရွာတာဝန်ခံ ဝင်းလှိုင်ဆိုသူမှ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်နေသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရှာဖွေနေကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ် #Ayeyarwaddy_Times

AlinnMyay(အလင်းမြေ)