မော်လမြိုင် မိုးထက်ကြယ်ဆန်ဆိုင် နှင့် EPC ရုံးရှေ့ ကားထဲက ပိုက်ဆံအိတ် ခိုးသွားတဲ့ သူခိုးမိပါပြီ

246

ဖြစ်စဉ်က 23.7.2019 ရက်နေ့ မွန်းလွဲ(၁)နာရီကျော်ခန့်က မော်လမြိုင်မြို့ ကြက်တန်းမန္တလေးရပ် မိုးထက်ကြယ်ဆန်ဆိုင်တွင် ကျိုက်မရောမြို့ ခရုံကျေးရွာနေ ဦးဘအု ဆန်လာဝယ်ရင်း လမ်းတဖက် ခြမ်း ဖက်တန်းရပ်ကွက်ပိုင် EPC ရုံးရှေ့တွင် ကားရပ်ထားစဉ် ကားခေါင်းခန်းအတွင်းမှ ပိုက်ဆံအိတ်အား ဆိုင်ကယ်နှင့် လူတစ်ဦးမှ ခိုးယူသွားခဲ့သည့် အမှုဖြစ်ပါသည်။

အိတ်ထဲမှာတော့ ပိုက်ဆံ ၂ သိန်းကျော် မှတ်ပုံတင်နှင့် ဝှီးတက်တို့ ပါဝင်သွားခဲ့ပါတယ်။ အဆိုပါ ခိုးယူသွားမှုဖြစ်စဉ်အား မိုးထက်ကြယ် ဆန်ဆိုင်ရှိ CCTV မှတ်တမ်းတွင် ရရှိခဲ့ပြီး ဆန်ဆိုင်ရှိ သူငယ်ချင်း ဖြစ်သူများမှ ကျွန်တော့်ထံပေးပို့ပြီး အကူအညီတောင်းခံလာပါတယ်။

ပိုက်ဆံပြန်မရလျှင်နေပါစေ အိတ်ထဲက မှတ်ပုံတင် ကားဝှီးတက်နဲ့ စာရွက်စာတမ်းလေးတွေ ပြန်ရလိုရငြားပေါ့။ ကျွန်တော်လဲ အဆိုပါ မှုခင်းဖြစ်စဉ် CCTV မှတ်တမ်းကို facebook လူမှုကွန်ယက်ပေါ် တင်ပေးခဲ့ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ facebook ပေါ် ပျံ့နှံ့ပြီး သိပ်မကြာခင် သူခိုးမှ ပိုက်ဆံယူထားပြီး လွှတ်ပစ်ထားသည့် အိတ်ကောက်ရသူ တာဝန်ရှိ ပြည်သူတစ်ဦးမှ ဆက်သွယ်လာပြီး မော်လမြိုင်လူမှုကယ်ဆယ်ရေးရုံးကို လာရောက်ပို့ပေးခဲ့သည့်အတွက် ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ပါသည်။

မှုခင်းဖြစ်စဉ်ဖြစ်ပွားပြီးပြီးချင်း မွန်ပြည်နယ် ဒ/န(မှုခင်းအကူ)ဌာနစု အဖွဲ့ခေါင်းဆောင် ရဲအုပ်ထွန်းမင်းလတ် မှ ကျွန်တော့်ထံ ဆက်သွယ် လာပြီး CCTV မှတ်တမ်းကို ကြည့်ခြင်း မှုခင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ဆွေးနွေးတိုင်ပင်ကြခြင်းတို့ ဆောင်ရွက်ပြီး တာဝန်သိသိ အိတ်လာရောက် အပ်နှံသူထံ ပြန်ဆက်သွယ်ပြီး အိတ်ကောက်ရသည့် နေရာ မေးမြန်းကာ ၄င်းနေရာ ပတ်ဝန်းကျင်အား စုံစမ်းခြင်း CCTV ရှိသည့် နေအိမ်များအား အကူအညီတောင်း ကြည့်ရှုခြင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ၄င်းနောက် တရားခံနှင့် ပတ်သတ်သည့်အချက်အလက်များအား သိရှိပါကအကူအညီပေးနိုင်ရန် မြို့အနှံ့ဖြန့်ကျက် အကူအညီတောင်းခံ ထားရှိခဲ့ပါတယ်။

အဓိကက CCTV မှတ်တမ်းကျန်ခဲ့ပြီး မပေါ်တဲ့အမှုတွေများလွန်းလို့ ကိုယ်တွေရဲ့ ဗီဇက မနေတတ်တာပါ။ နယ်ထိန်းလုပ်ခဲ့တဲ့ ကာလ တလျှောက်လုံးက ဇ တွေက မနေဘူးလေ။ မော်လမြိုင်မှာလည်း ခိုး/ဆိုး/နှိုက် မှုခင်းဖြစ်စဉ်တွေ တော်တော်များလာပြီး ပေါ်တယ်ဆိုတဲ့ အမှုတွေ တော်တော်နည်းလာပါတယ်။ တာဝန်ကျေလုပ်ကြတာကိုး။ စေတနာမှ မပါကြတာ။ မြွေမြွေချင်းကတော့ ခြေမြင်ပြီးသားပါ။

မွန်ပြည်နယ် ဒ/န အဖွဲ့က အဖွဲ့ခေါင်းဆောင် ရဲအုပ်ထွန်းမင်းလတ် ဒုရဲအုပ်ဇေယျာသိန်း ဒုရဲအုပ်နိုင်လင်းအောင် နဲ့ တဖွဲ့လုံး ကိုတော့ အားရတယ်။ ဘာမှုခင်းဖြစ်ဖြစ် အကူအညီတောင်းတာနဲ့ ချက်ချင်း အားကျိုးမာန်တက် လိုက်ပါဆောင်ရွက်ပေးတယ်။

ထိုသို့ စုံစမ်းနေရင်း 27.7.2019 ရက်နေ့ မွန်းလွဲပိုင်းတွင် ကွင်းရပ် ရပ်ကွက် ဝေဖြိုး ဆိုင်ကယ်ရေဆေးခုံတွင် မှုခင်းဖြစ်ပွားစဉ်က အသုံး ပြုခဲ့သည့် ဆိုင်ကယ်နဲ့တူသည့် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးရောက် နေကြောင်း သတင်းပို့မှု ရရှိခဲ့သဖြင့် မိုးထက်ကြယ်ဆန်ဆိုင်မှ ကျွန်တော့်ထံ ဆက်သွယ်အကြောင်းကြားလာပြီး သွားရောက်လေ့လာ နေကြောင်း ပြောပြသဖြင့် ကျွန်တော်လည်း ရဲအုပ်ထွန်းမင်းလတ် ဆီ ထပ်မံဆက်သွယ်ပြီး အကူအညီတောင်းခဲ့ပါတယ်။ ရဲအုပ်ထွန်းမင်းလတ်မှ ဒုရဲအုပ်နိုင်လင်းအောင် ဦးစီးအဖွဲ့ကိုစေလွှတ်ပြီး နယ်မြေခံနယ်ထိန်းနဲ့အတူ ကျွန်တော်တို့နှင့် လာရောက်ပူးပေါင်းပြီး ဆိုင်ကယိအပ်နှံသွားသူ ပြန်လာတဲ့အထိ စောင့်ဆိုင်းပြီး သူခိုးကို လက်ရ ဖမ်းဆီးခဲ့ပါတယ်။ ပထမ ငြင်းနေပေမဲ့ သူနေထိုင်ရာ တည်းခိုခန်းကို သွားရောက် စစ်ဆေးရာမှာ အခင်းဖြစ်စဉ်က အသုံးပြုခဲ့ တဲ့ မိုးကာ ဆိုင်ကယ်ဦးထုပ်တွေက ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် မငြင်းနိုင်ပဲ ဝန်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

သူခိုးက နှယ်နှယ်ရရထင်လို့လား။ ဝတ်ပုံစားပုံနေပုံထိုင်ပုံက သူဌေး စတိုင်ဗျ။ လက်ထဲမှာ ပိုက်ဆံအထပ်လိုက် ကိုင်ပြီး ဟိုတယ်တွေမှာ တည်း KTV မာဆတ်တွေမှာ လိုက်စား သူဌေးလို နပြီး စားကျက်ရှာ မှုခင်းကျူးလွန်တတ်တဲ့ ထောင်ထွက်ပါ။

သူကျခဲ့တဲ့ အမှုက ၂၀၁၇ တုန်းက မော်လမြိုင်မြို့ ဖက်ခင်းလမ်း စိန်သုံးလုံး သစ်သီးဆိုင်ရှေ့ ရပ်ထားတဲ့ ကားပေါ်မှ ငွေ (၈)သိန်း နဲ့ ရွှေထည်ပစ္စည်းတန်ဖိုး (၁၉)သိန်းခန့်ကို ခိုးနှိုက်သွားလို့ မုပွန်ရဲစခန်း (ပ)၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ဖြင့်အရေးယူခံရပြီး ထောင်(၂)နှစ် ကျခဲ့သူ ဖြစ်ပါတယ်။ ခုထောင်က လွတ်လညပြီး ထပ်မံ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

တရားခံနာမည်က ခင်မောင်စိုး အသက်(၄၀)နှစ် ဇာတိက တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက ဖြစ်ပါတယ်။ မိန်းမရှိတယ်။ ကလေးတစ်ဦးရှိပါတယ်။ သူ့မိန်းမကလဲ ဝန်ထမ်းပါပဲ။ မိန်းမက ထောင်ကလွတ်လာစဉ် အရင်းအနှီးထုတ်ပေး အလုပ်လုပ်စေပေမဲ့ မိန်းမမျက်နှာမထောက် သုံးဖြုန်းစားသောက် ဒုစရိုက်လောကထဲပဲ ကျင်လည်နေတဲ့သူ ဖြစ်ပါတယ်။ သူကျင်လည်နေတဲ့ နေရာကတော့ တနင်္သာရီမှသည် ရေး သံဖြူဇရပ် မုဒုံ မော်လမြိုင် တလျှောက်ဖြစ်ပါတယ်။ သံဖြူဇရက်မှာ အခြေချ နေတာများပြီး မြို့ပေါ်မှာ ချဲရောင်း ဘောလုံးပွဲလောင်း အလုပ်တွေ လုပ်ကိုင်ပါတယ်။ အခြေအနေပေးရင် ပေးသလို ဆိုင်ကယ်တစ်စီးနဲ့ ပတ်သွား ဟိုတယ်တွေမှာ သူဌေးလိုတည်းပြီး မှုခင်းကျူးလွန်နေသူ ဖြစ်ပါတယ်။ ဘယ်က ပိုက်ဆံတွေရပြီး တညတည သောင်းကျော် ပေးရတဲ့ ဟိုတယ်တွေမှာ တည်းပြီး မှုခင်းတွေကျူးလွန်နေသလဲဆို တာတော့ ရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးလျှက် ရှိပါတယ်။

ခိုးဆိုးနှိုက် ထောင်ထွက်တွေ တော်တော်များများ ထောင်က ထွက်လာပြီးရင် ဒီဒုစရိုက်လောကမှာပဲ ပြန်လည်ကျင်လည်တာ များတော့ နယ်ထိန်းတွေ ဒန တွေအနေနဲ့ ထောင်လွတ်စာရင်းတွေ သေချာပြုစုပြီးဖော်ထုတ်ဖမ်းဆီးနိုင်ရင် မှုခင်းတွေအဖြစ်နည်းလာမှာပါ။လိုအပ်ရင် ပြည်သူတွေအနေနဲ့ ပူးပေါင်းကူညီပေးဖို့ အသင့်ပါ။

ကျွန်တော်တို့ကတော့ ပြည်သူတွေပါ။ တာဝန်ပဲ သိပေးမှာပါ။ တာဝန်ရှိ သူတွေက ရဲတပ်ဖွဲ့ပါ။ တာဝန်ရှိသူတွေက တာဝန်သိသူတွေအပေါ် လေးစားမှု ထားတတ်ဖို့ပဲ လိုပါတယ်။

စိတ်ပါဝင်စားစွာ အသေးစိတ် လိုက်လံစုံစမ်းဖော်ထုတ်ပေးတဲ့ မွန်ပြည်နယ် ဒ/န (မှုခင်းအကူဌာနစုမှ) မှ တပ်ဖွဲ့ဝင်အားလုံးကို ပြည်သူများအနေဖြင့် အထူးလေးစား ကျေးဇူးတင်ရှိပါကြောင်း။

ဇင်မိုး (မော်လမြိုင်)

အခင်းစတင်ဖြစ်ပွားပြီးချင်း တင်ခဲ့သည့် CCTV မှတ်တမ်း