ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာ ခွေးလေခွေးလွင့်တွေရဲ့ဝိုင်းဆွဲတာခံခဲ့ရတဲ့ ကလေးငယ် သတင်း အစုံအလင်

399

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးကို လမ်းဘေးခွေးတွေ ၀ိုင်းဝန်းဆွဲကြတဲ့သတင်းဟာ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့ပြီး ဒီကိစ္စအပေါ်မှာ လူမှုကွန်ယက်သုံးစွဲသူတွေက အမြင်အမျိုးမျိုးကွဲလွဲနေကြတာပါ။ တစ်ချို့ကတော့ လမ်းဘေးခွေးတွေကိုဒီထက်ပိုပြီး နှိမ်နင်းဖို့လိုနေတယ်လို့ မှတ်ချက်တွေပေးနေကြပြီး တစ်ချို့တွေကတော့ ဒါဟာ ကလေးမိဘတွေရဲ့သားသမီးအပေါ်ကြည့်ရှုစောင့်ရှောက်မှု အားနည်းတဲ့အတွက်ဖြစ်ရတာဖြစ်ပြီး ၀ိုင်းဆွဲတဲ့ခွေးတွေမှာအပြစ်မရှိဘူးလို့ မှတ်ချက်တွေပေးနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်တဲ့ သတင်းအစုံအလင်နဲ့ ခွေးကိုက်ခံခဲ့ရတဲ့ကလေးငယ်ရဲ့လက်ရှိကျန်းမာရေးအခြေအနေတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက်နေ့ ၂၀၁၉ မနက် ၁၀နာရီ ၁၂မိနစ်ခန့်မှာဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းဗဟန်းမြို့နယ်က အသက် ၁နှစ်နဲ့ ၃လအရွယ်ကလေးငယ်ကို ခွေးလေခွေးလွင့်တွေဝိုင်းပြီးဆွဲခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီ့းနေတာပါ။ ခွေးကိုက်ခံရတဲ့ကလေးငယ်ကိုလည်း ဆေးရုံကိုပို့ခဲ့ပြီးဖြစ်လို့ ဒီဖြစ်ရပ်အတွက် ရပ်ကွက်အမှုဆောင်တွေက စည်ပင်သာယာရေးကော်မတီကိုတိုင်ကြားခဲ့တယ်လို့သိရပါတယ်။

ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဟာ အဲ့ဒီဖြစ်ရပ်ဖြစ်ပွားပြီး နောက်တစ်ရက်မှာပဲ ဗီဒီယိုဖိုင်မှာတွေ့မြင်ရမှာဖြစ်တဲ့ ကလေးငယ်ကို ကိုက်ဆွဲခဲ့တဲ့ခွေး၅ကောင်ထဲက ၄ကောင်ကို ဖမ်းဆီးပေးခဲ့ပြီး ခွေးချစ်သူများအဖွဲ့နဲ့လည်းပူးပေါင်းကာ ဖမ်းဆီးရရှိတဲ့ခွေးလေးကောင်ကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သစ်နီပင် မင်းကုန်းပရဟိတခွေးဂေဟာကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

ကလေးငယ်ဟာလက်ရှိမှာ ဆေးရုံမှာဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့လဲသိရပါတယ်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်မှာနေထိုင်တဲ့ ဒီကလေးငယ်အတွက် လူမှုကွန်ယက်ပေါ်မှာရှိတဲ့ လေလွင့်ခွေးကင်းစင်ရေးအဖွဲ့ကနေပြီး ကလေးငယ်တက်နေတဲ့ဆေးရုံကိုသွားရောက်တွေ့ဆုံခဲ့ကာ ငွေကျပ် ၂သိန်းလှူဒါန်းခဲ့တယ်လို့လဲသိရပါတယ်။

အဲ့တာအပြင် ယနေ့ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၅နာရီအချိန်မှာ အမေ့ရင်ခွင် ဒုက္ခိတနဲ့ဂီလာန အမိမဲ့တိရစ္ဆာန်လေးများကယ်တင်ပြုစုစောင့်ရှောက်ရေးနဲ့ ဆေးကုသဆောင်ရဲ့ ဦးစီးဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ မဝေေ၀မိုးနဲ့ အခြားသော တိရစ္ဆာန်ချစ်သူတွေကလည်း ကလေးငယ်တက်နေတဲ့ဆေးရုံကိုသွားရောက်တွေ့ဆုံကာ တတ်နိုင်တဲ့ဘက်ကနေကူညီဆောင်ရွက်ပေးကြမှာဖြစ်တယ်လို့ သတင်းရရှိထားပါတယ်။

လက်ရှိမှာကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရခြင်းမရှိဘူးလို့သိရပါတယ်။

Yenin Phawah-AlinnMyay (အလင်းမြေ)