ပန်းတနော်ပြည်သူ့ဆေးရုံကြီးတွင် ကလေးသေဆုံးမှုနှင့် ပတ်သတ်၍သတင်းစာရှင်းလင်းပွဲပြုလုပ်

149

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် မီးဖွားရင်း ကလေးသေဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ ကျေနပ်မှုမရှိသည့်အတွက်သေဆုံးခဲ့သည့်ကလေးငယ်၏ မိဘဆွေမျိုးများက ပန်းတနော်မြို့၊ အောင်သပြေဘိုးဘွားရိပ်သာခန်းမတွင် ဇူလိုင်လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပန်းတနော်မြို့နယ်၊ ဘ၀ိုင်းအုပ်စု၊ ဘ၀ိုင်းကျေးရွာတွင်နေထိုင်သည့် မမြမြစိုးမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ပန်းတနော်မြို့နယ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမင်းသန်းထံတွင် ဗိုက်အပ်ခဲ့ကြောင်း၊ ကလေးမွေးဖွားမည့်ရက်ကို ဇူလိုင်လ ၁၉ ရက်နေ့ဟု ဆရာဝန်မှ သတ်မှတ်သော်လည်း ရက်စေ့သည်အထိ ကလေးမွေးဖွားခြင်းမရှိသဖြင့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါက်တာ အေးမင်းသန်းနှင့်ပြသခဲ့ရာ ဆရာဝန်မှ ကလေးအခြေအနေကောင်းကြောင်းနှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် မွေးဖွားနိုင်သည်ဟု ရက်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗိုက်နာသည့်အတွက် မမြမြစိုးမှာ ပန်းတနော် ဆေးရုံသို့ တက်ရောက်၍ ကလေးမွေးဖွားခဲ့ရာ လူနာရှင်များမှ ခွဲမွေးရန်တောင်းဆိုသော်လည်း ပန်းတနော်ဆေးရုံမှ ဆရာဝန်များစစ်ဆေးပြီးနောက် ကိုယ်ဝန်ဆောင်မိခင်မှာ ပုံမှန်ရိုးရိုးမွေးဖွားနိုင်သည်ဟု ပြောဆိုကာ ညနေ ၄ နာရီအချိန်တွင် ကလေးမီးဖွားခန်းသို့ မိခင်အား ထည့်သွင်းခဲ့ကြောင်း၊ ည ၈ နာရီအချိန်၌ ကလေးအပြင်သို့ ရောက်ရှိချိန်တွင် ကလေးငယ်မှာ အသက်ပါမလာဘဲ သေဆုံးနေပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမင်းသန်းမှ ကလေးငယ်မှာ လွန်ခဲ့သည့် ၂ ရက်ကပင် မိခင်ဝမ်းဗိုက်အတွင်း သေဆုံးနေကြောင်း လူနာရှင်များအား ပြောဆိုခဲ့သည်ဟု ကလေးငယ်၏ဖခင် ကိုမြင့်ကြည်က ပြောသည်။

“ကျနော်တို့က ခွဲပေးဖို့ပြောတယ်။ ဆရာဝန်တွေက ရိုးရိုးမွေးနိုင်တဲ့အတွက် ခွဲမပေးဘဲ ရိုးရိုးမွေးခိုင်းတယ်။ မွေးလာတော့ ကလေးက အသက်မရှိတော့ဘူး။ ကလေးက လွန်ခဲ့တဲ့ ၂ ရက်ကတည်း ဗိုက်ထဲမှာ သေနေတယ်ဆိုပြီး ပြောတယ်။ ကလေးက ဗိုက်ထဲမှာ သေနေတယ်ဆိုရင် ဆေးရုံရောက်ကတည်းက ဆရာဝန်တွေမသိဘူးလား။ ပြီးတော့ ခွဲမွေးပေးဖို့ တောင်းဆိုတာကို ဘာလို့ခွဲမပေးတာလဲ။

ပြီးတော့ ကလေးနောက်စိမှာ သွေးတွေတွေ့သလို နောက်စိက ကြေနေတဲ့ ပုံစံမျိုး တွေ့ရတယ်။ အဲတော့ ကျနော်တို့ကတော့ ကလေးကို ညှပ်ဆွဲရင်း ဒဏ်ရာရပြီး သေတာလားဆိုတာ သံသယရှိတယ်။ ဒါကြောင့် တာဝန်ရှိသူများ ဒီကိစ္စကို လိုအပ်သလို စစ်ဆေးမှုတွေ လုပ်စေလိုတဲ့အတွက် အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ကလေးငယ်၏ဖခင်ဖြစ်သူ ကိုမြင့်ကြည်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပန်းတနော်ဆေးရုံတွင် မမြမြစိုး၏ကိုယ်ဝန်အား မွေးဖွားမှုကို ပန်းတနော် ဆေးရုံ အုပ်ကြီး ဒေါက်တာ အေးမင်းသန်းက ကြီးကြပ်ကွပ်ကဲခဲ့ပြီး အဓိက တာဝန်ယူကာ ကလေးမွေးပေးသူမှာ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်မင်းသိန်းဖြစ်ကြောင်း သိရသည်။

မိမိတို့ ပန်းတနော်ဆေးရုံမှ ဆရာဝန်များအနေဖြင့် မမြမြစိုး၏ကိုယ်ဝန်အား မွေးဖွားရာတွင် ဆရာဝန်ကျင့်ဝတ်အတိုင်း ဂရုတစိုက်မွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်သေဆုံးမှုမှာ မိခင်ဖြစ်သူ၏ ရေမွှာတွင် ပိုးဝင်သည့်အတွက် သေဆုံးခြင်းဖြစ်ကြောင်း ပန်းတနော်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမင်းသန်းက ပြောသည်။

“ကျနော်တို့က ဆရာဝန်တွေပါ။ ကလေးတွေကို အလကားနေရင်း သေအောင်လုပ်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ကလေးပေါင်းများစွာလည်း ရာနဲ့ထောင်နဲ့ချီပြီး မွေးခဲ့တဲ့ အတွေ့အကြုံရှိထားသူတွေပါ။ ကလေးကို ဆွဲတဲ့ညှပ်ဟာ ကလေးရဲ့နားနှစ်ဖက်ဘေးကနေ အုပ်ပြီးဆွဲတာပါ။ နောက်စိကို ထိခိုက်စရာ မရှိပါဘူး။ နောက်စိမှာ သွေးပေတာက မိခင်ရဲ့မွေးလမ်းကြောင်းကနေ ပေလေ့ရှိတဲ့ သွေးစတွေသာ ဖြစ်ပါတယ်။ ပြီးတော့ ကလေးမွေးပေးတဲ့ ဆရာဝန်တွေက မနေ့တနေ့ကမှ

ဆရာဝန်ဖြစ်သူတွေ မဟုတ်ပါဘူး။ ကလေးပေါင်းများစွာ အသက်ရှင်အောင် မွေးပေးခဲ့တဲ့ အတွေ့အကြုံရင့် ဆရာဝန်များ ဖြစ်ပါတယ်။ ဒါကြောင့် ညှပ်ဒဏ်ရာကြောင့်သေတာ လုံးဝ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”ဟု ဒေါက်တာ အေးမင်းသန်းက ဧရာဝတီတိုင်းမ်မကို ပြောသည်။

သူက ဆက်လက်ပြီး “ကလေးက အပြင်ရောက်ကတည်းက အသက်မရှိတော့ပါဘူး။ ကလေးမွေးပြီးချိန်မှာ အပုပ်နံ့ရတဲ့အတွက် ကျနော်က ဗိုက်ထဲမှာ သေတာ ၂ ရက်လောက်တောင် ရှိလောက်ပြီထင်တယ်လို့ အလျင်စလို ပြောလိုက်မိတယ်။ ပြီးမှ သေချာလေ့လာကြည့်တော့ မိခင်ရဲ့ရေမွှာအရည်တွေက ပိုးဝင်နေတဲ့အတွက် ပြည်လိုပဲ အ၀ါရောင်အရည်ပြစ်ပြစ်တွေ ဖြစ်နေတာ တွေ့ရတော့မှ ဒီကလေးဟာ မိခင်ရဲ့ရေမွှာပိုးဝင်တာကြောင့် သေရတယ်ဆိုတာ သိလိုက်ရတယ်။

ပြီးတော့ မွေးလူနာကို ခွဲမပေးဘူးဆိုတာက သာမာန်ရိုးရိုး မွေးနိုင်သူဆို ကျနော်တို့ ခွဲမပေးပါဘူး။ ခွဲမွေးတာက မေ့ဆေးရှော့ခ်ဖြစ်တာ၊ ခွဲစိတ်ရင်း သွေးထွက်လွန်တာတွေကြောင့် မိခင်ပါ အသက်ဆုံးနိုင်လို့၊ ဒီလူနာကလည်း ရိုးရိုးမွေးနိုင်တဲ့အတွက် ရိုးရိုးပဲမွေးခဲ့တာပါ။ ကျနော်တို့ဘက်က ပြောနိုင်တာကတော့ ဒီကလေးမွေးတဲ့ကိစ္စမှာ ဆရာဝန်ကျင့်ဝတ်အတိုင်း လုပ်ခဲ့တယ်ဆိုတာ အာမခံပါတယ်”ဟု ဒေါက်တာ အေးမင်းသန်းက ပြောသည်။

ပန်းတနော်ဆေးရုံတွင် မီးဖွားရင်း ကလေးသေဆုံးခဲ့သည့်ယခုကိစ္စနှင့်ပတ်သတ်၍ လိုအပ်သလို စစ်ဆေးကာ အပြစ်ရှိပါက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးထံ တိုင်ကြားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေးမိဘများက ပြောသည်။

ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ၂၀၁၈ ခုနှစ်အတွင်း ကလေးငယ်ပေါင်း ၁၂၄၀ ဦးကို အသက်ရှင်လျှက် မွေးဖွားနိုင်ခဲ့ပြီး မွေးဖွားစဉ် သေဆုံးသည့် ကလေးငယ် ၂၀ ဦးရှိခဲ့ကြောင်း ဆေးရုံ၏မှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်#Ayeyarwaddy_Times

ApannPyay(Mandalay)