မန္တလေးတွင် လူတစ်ဦးကို ဆိုင်ကယ်ဖြင့် နောက်ကနေလိုက်ပြီး ဓါးဖြင့်ထိုးသတ်

90

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် လမ်းပေါ်ထွက်ပြေးနေသူတစ်ဦးကို ဆိုင်ကယ်ဖြင့် နောက်မှလိုက်ကာ ဓားဖြင့်ထိုးသတ်ခဲ့မှု သြဂုတ်(၁)ရက်က ဖြစ်ပွားခဲ့ပြီး ပြစ်မူကျူးလွန်သူကို သုံးရက်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းမြို့နယ် စက်မှုနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် (၆၃)လမ်းနှင့် (၆၄)လမ်းကြား ကနောင်မင်းသားကြီးလမ်းတွင် အမျိုးသားတစ်ဦး ပြေးလာကာ လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်အကူအညီ တောင်းခံစဉ် ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာသည့် လူငယ်တစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ဓားထိုးခံရသူကို လက်ဖက်ရည်ဆိုင်အတွင်းရှိသူများက ဝိုင်းဝန်းကူညီကာ မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ၎င်းမှာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူမှာ KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တောင်လုံးကျော်(ခ)စောထိန်လင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ ၎င်း၏တပည့်ဖြစ်သူ ပဲခူးမြို့နေ ဝေဖြိုး (၂၅)နှစ်ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ဆရာ၊တပည့်နှစ်ဦးမှာ ငွေရေးကြေးရေးကိစ္စ စကားများရန်ဖြစ်ရာမှ ယခုကဲ့သို့ ပြစ်မူကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် စက်မူနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ကာ ထွက်ပြေးသွားသူကို ဖမ်းဆီးရမိရေး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့နှင့် ပဲခူးမြို့မရဲစခန်းတို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ သြဂုတ်(၄)ရက်တွင် ပြစ်မူကျူးလွန်သူ ဝေဖြိုး(၂၅)နှစ်ကို ပဲခူးမြို့ ဘုရားကြီးလမ်းဆုံအနီးတွင် ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် ပဲခူးမြို့မှ မန္တလေးမြို့သို့ ပြန်လည်လွှဲပြောင်းခဲ့ကာ ပြစ်မှုကျူးလွန်သူကို ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းရဲစခန်းမှ သတင်းရရှိသည်။

ပြစ်မူကျူးလွန်သူအမျိုးသားက ၎င်းအသုံးပြုသည့် ဓါးအား ပြသနေစဉ်။ ဓါတ်ပုံ – ရဲတပ်ဖွဲ့။

#Mandalay_Indepth_News #Mandalay_News #Crime_News