သူတို့အလုပ်ထွက်ရင် လန်ဒန်မြို့ကြီးရေမြုပ်မယ်တဲ့လား

268

ယခုနှစ် ၂၀၁၉ရဲ့မိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာရေကြီးရေလျှံမှုတွေဖြစ်ပွားလို့နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတစ်နိုင်ငံထဲမှာမကပဲ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာလည် မြစ်ရေကြီးမှုကြောင့် လန်ဒန်မြို့လည်ခေါင်မှာရှိတဲ့ အထင်ကရနေရာတွေ ရေမြုပ်မယ့်ကိန်းဆိုက်လို့နေပါတယ်။

လန်ဒန်မြို့လည်ခေါင်က နာမည်ကြီး သိမ်းမြစ်ဟာ မြစ်ရေတက်မှုမြင့်မားလာတဲ့အတွက် လာမည့်လမှာ လန်ဒန်မြို့ရဲ့အထင်ကရနေရာတွေ အဆောက်အအုံတွေဟာ ရေမြုပ်နိုင်တဲ့အကြောင်း လန်ဒန်မြို့နေပြည်သူတွေကို သတိပေးထားပါတယ်။ အဲ့ဒီရေကြီးမှုကြောင့် လန်ဒန်မြို့လည်ခေါင်ဟာ ပေသုံးဆယ်ခန့်ရေအောက်မြုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အခုအချိန်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ ၀န်ထမ်းပေါင်း ၃၀၀၀ခန့်ဟာ သိမ်းမြစ်ရဲ့မြစ်ရေကြီးမှုအခြေအနေကိုထိန်းသိမ်းကာကွယ်နိုင်ဖို့အတွက် ရေကာတာတွေအကာအကွယ်တွေမှာ အချိန်ပြည့်အလုပ်လုပ်နေကြရပါတယ်။ ဒါပေမယ့် လာမယ့် စက်တင်ဘာလမှာတော့ သိမ်းမြစ်ရဲ့မြစ်ရေကြီးမှုကိုထိန်းသိမ်းနိုင်ဖို့အတွက် အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေနဲ့ အခြားဝန်ထမ်းတွေဟာ အလုပ်ထွက်ဖို့ပြင်နေကြတယ်လို့ဆိုပါတယ်။

သူတို့သာအလုပ်ထွက်ရင်မြို့နေပြည်သူလူထုအတွက် အခက်အခဲဖြစ်လာမယ့် အချိန်ကာလဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပြခဲ့ပါတယ်။ သူတို့ဟာ မြစ်ရေအမြင့်ဆုံးဖြစ်လာမည့် အချိန်တွေကိုတွက်ချက်ထားပြီးဖြစ်ပြီး သူတို့သာအလုပ်ထွက်ခဲ့ပြီး ရေကာတာတံခါးတွေကိုအချိန်မှီပိတ်မယ့်သူတွေ၊ အဲ့ဒီအကာအကွယ်အတားအဆီးတွေအတွက်အလုပ်လုပ်မယ့်သူ မလုံလောက်ခဲ့ရင် ရေမြုပ်မယ့်ကိန်းဆိုက်နေတာကို ပညာရှင်တွေက မြို့နေလူထုကို ကြိုတင်သတိပေးထားပါတယ်။

သိမ်းမြစ်ရဲ့ရေကာတာကို စတင်ဖွင့်လှစ်ခဲ့စဉ်ကတည်းကနေ အခုအချိန်အထိ ၁၈၄ကြိမ်တိတိ ရေကြီးတာကိုကာကွယ်ဖို့ ပိတ်ခဲ့ပြီး အဲ့ဒီ ရေကာတာအတွက်အလုပ်လုပ်ပေးနေရတဲ့ ၀န်ထမ်း အယောက် ၈၀ထဲကနေ အယောက် ၅၀ဟာ အလုပ်ထွက်ဖို့ဆုံးဖြတ်ချက်ချပြီးသားဖြစ်တယ်လို့ဆိုပါတယ်။

သူတို့အလုပ်လုပ်ခဲ့တဲ့ ၁၀နှစ်အတွင်းမှာ လစာတခါမှမတိုးခဲ့တဲ့အပြင် ပေးထားတဲ့လစာကလည်း မလောက်မငှလစာလောက်သာဖြစ်တဲ့အတွက် အလုပ်ထွက်ဖို့ပြင်ကြတာဖြစ်တယ်လို့ သိရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီကတော့ သူတို့ဝန်ထမ်းတွေနဲ့ဆွေးနွေးညှိနှိုင်းဖို့ကြိုးစားနေပြီး လန်ဒန်မြို့နေပြည်သူတွေကတော့ ကျီးလန့်စာစားနေရတဲ့ အခြေအနေဖြစ်လို့နေပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)

#ApannPyay