၁၅ နှစ် အရွယ် မိန်းကလေးကို တရုတ် မယားအဖြစ် ရောင်းစားမှု

288

အသက် ၁၅ နှစ် အမျိုးသမီးတစ်ဦးကို ဘတ်၇၀၀၀၀ဖြင့် တရုတ် မယားအဖြစ် ရောင်းစားသူတို့အား အရေးယူ။  ။ ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့၌ ဘတ်ငွေ ၇၀၀,၀၀ နှင့် အိမ်ဆောက်ပေးမည်ဟု မက်လုံးပေး၍ ၁၅ နှစ်အရွယ် တိုင်းရင်းသူတစ်ဦး ကို တရုတ်မယားအဖြစ်ရောင်းစားမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

မိုင်းဖြတ်မြို့၊ ၀မ်းလုံးကျေးရွာအုပ်စု၌ နေထိုင်သည့် ၁၅ နှစ်အရွယ်တိုင်းရင်းသူအမျိုးသမီးတစ်ဦးကို တရုတ်မယားအဖြစ် ရာင်းစားခဲ့ကြသော အမျိုးသမီး ၃ ဦးနှင့် တရုတ်အမျိုးသား ၁ ဦးတို့ကိုဖမ်းဆီးကာ သြဂုတ်လ ၇ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း မိုင်းဖြတ်မြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(ရက်မမှတ်မိ)အချိန်၌ ၀မ်းလုံးကျေးရွာအုပ်စု၌ နေထိုင်သော မနန်းလီ(၃၅)နှစ်၊ ဈေးတန်းရပ်နေ မနန်းရှဲန်ရွတ်(၄၉)နှစ်တို့ နှစ်ဦးသည် တစ်ရွာတည်းနေ အသက် ၁၅ နှစ် အရွယ် မိန်းကလေး နေအိမ်ကို ထိုင်းဘတ်ငွေ ၇ သောင်း အကုန်အကျခံကာ ဆောက်လုပ်ပေးမည်ဟု စည်းရုံးပြောဆိုကာ လူကုန်ကူးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆိုသည်။

ယင်းကဲ့သို့ စည်းရုံးပြောဆိုပြီးနောက် အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို ၎င်းတို့နှစ်ဦးက တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်နေ နန်းချယ်ရီ(၄၈)နှစ် နေအိမ်သို့ ခေါ်ဆောင်သွားကာ ထိုမှတစ်ဆင့် မန္တလေးသို့ လေကြောင်းခရီးဖြင့် ဆက်လက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေး လေဆိပ်၌ တရုတ်အမျိုးသား HE ERLEI (၂၉)နှစ်ဆိုသူက အသင့်စောင့်ကြိုလျက်ရှိပြီး ထိုမှတစ်ဆင့်ရန်ကုန်မြို့သို့ကားဖြင့် ထပ်မံ သွားရောက်ကာ ရန်ကုန်မြို့ဟိုတယ်တစ်ခုသို့ တည်းခိုကြရင်း အဆိုပါလာကြိုသည့် HE ERLEI ဆိုသည့်တရုတ်အမျိုးသားနှင့် လက်ထပ်ရမည်ဟု မနန်းချယ်ရီပါ ၃ ဦးတို့က ပြောဆိုခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။

အသက် ၁၅ နှစ် အရွယ် မိန်းကလေး က အိမ်ပြန် ချင်ကြောင်း ပြောဆိုသော်လည်း မရရှိသည့်အပြင် ရန်ကုန်မြို့၌ အဆိုပါတရုတ်အမျိုးသားနှင့် ၃ ရက် နေပြီးနောက် ရောင်းစားခြင်းခံလိုက်ရသည် ကိုသိရှိသွားသဖြင့် တရုတ်ပြည်သို့လိုက်သွားခဲ့ရကြောင်း၊ တရုတ်မယားအဖြစ် ၇ လခန့်နေထိုင်ရပြီးနောက် မိဘများကိုကန်တော့ချင်သည်ဟု အတူနေထိုင်သည့် တရုတ်အမျိုးသား HE ERLEI (၂၉)နှစ်၊ အား ပြောဆိုစည်းရုံးကာ ၎င်းနှင့်အတူ တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာစဉ် သြဂုတ်လ ၇ ရက်၌ ရဲစခန်းသို့သွားရောက် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

“အိမ်ဆောက်ပေးမယ်ဆိုပြီး ကလေးမလေးတို့ရဲ့ အုပ်ထိန်းသူ မိဘတွေကို မက်လုံးပေးတာပေါ့ဗျာ။ တောသူတောင်သားတွေ ဖြစ်တဲ့အပြင် တိုင်းရင်းသားတွေလည်း ဖြစ်တဲ့အခါကျတော့ ယုံသွားမိတာပေါ့ဗျာ။ ယုံကြည်အောင်လည်း အားနည်းချက်တွေကို ဖြည့်ဆည်းပေးမယ်၊ အိမ်သစ်ဆောက်ပေးမယ်လို့ ပြောဆိုပြီးတော့ ကလေးမလေးကို အုပ်ထိန်းသူတွေရဲ့လက်ထဲကနေ ခေါ်ထုတ်သွားတာပေါ့။ တရုတ်မယားအဖြစ် ၇ လလောက်နေလိုက်ရပြီး မိဘကိုပြန်ကန်တော့ ချင်လို့ဆိုပြီးတော့ တာချီလိတ်ကို ပြန်ရောက်လာတယ်။ ပြီးတော့ လစ်ထွက်လာပြီး ကျွန်တော်တို့ရဲတပ်ဖွဲ့ထံကို အကူအညီတောင်းတာပေါ့” ဟု မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက RNDအေဂျင်စီသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ကြသော မနန်းချယ်ရီ(၄၈)နှစ်၊ မနန်းရှဲန်ရွတ် (၄၉)နှစ်၊ မနန်းလီး (၃၅)နှစ်နှင့် တရုတ်နိုင်ငံသား HE ERLEI (၂၉)နှစ်၊ ဟိုနန်ပြည်နယ်နေသူတို့ကို ဖမ်းဆီးထားပြီး မိုင်းဖြတ်မြို့မရဲစခန်း၌ (ပ)၂၃/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သာခိုင်(မုနိမြီ) Real News Distribution Agency

ApannPyay