အာဖရိကန်ဝက်အပြင်းဖျားရောဂါကြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေပြီဖြစ်ကြောင်း မွေးမြူရေးဌာနက ထုတ်ပြန်

232

မွေးမြူရေးဌာနကနေ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေပြီဖြစ်ကြောင်းအတည်ပြုလိုက်တဲ့ အာဖရိကန်ဝက်အပြင်းဖျားရောဂါ

မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးအနေနဲ့ အာဖရိကန်ဝက်အပြင်းဖျားရောဂါဖြစ်ပေါ်နေတယ်ဆိုတာကို မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၄ရက်နေ့ ၂၀၁၉) မှာ အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီရောဂါဟာ ယခင်နှစ်တွေက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတော်တော်များများနဲ့ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့ဖူးပေမယ့် မြန်မာနိုင်ငံကိုကူးစက်ပျံ့ပွားနေပြီလို့ အတည်ပြုလိုက်တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။

သြဂုတ်လအစပိုင်းမှာ ရှမ်းပြည်နယ် မိုင်းလားမြို့နယ်ထဲမှာရှိတဲ့ ၀မ်နွယ်ကျေးရွာက ၀က် ၁၄ကောင်ရဲ့ သံသယဖြစ်ဖွယ်သေဆုံးမှုကနေတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက စုံစမ်းစစ်ဆေးရာကနေ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒီအာဖရိက၀က်အပြင်းဖျားရောဂါ လို့မြန်မာလိုခေါ်တဲ့ African Swine Fever ဟာ ပထမဆုံးအနေနဲ့ ကန်ညာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၂၁ခုနှစ်တုန်းက အကြီးအကျယ်ကူးစက်ပျံ့ပွားခဲ့ဖူးပြီး အဓိကအားဖြင့် မွှားနဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတယ်လို့သိရပါတယ်။ ရောဂါဖြစ်ပွားရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ သွေးယိုစီးမှုတွေဖြစ်ပွားနိုင်ပြီး အဆိုးဆုံးအခြေအနေအဖြစ်နဲ့ ကူးစက်ခံရပြီးနာရီပိုင်းအတွင်းသေဆုံးနိုင်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ၀က်မွေးမြူရေးလုပ်ကိုင်နေကြတဲ့သူတွေနဲ့ အခြားသောမွေးမြူရေးလုပ်ငန်းရှင်တွေဟာ မွေးမြူထားတဲ့ ၀က်တွေ သံသယဖြစ်စရာကောင်းတဲ့ နာမကျန်းမှုမျိုးဖြစ်လာရင်သက်ဆိုင်ရာကိုအကြောင်းကြားသင့်တယ်လို့ ပညာရှင်တွေကတိုက်တွန်းထားပြီး ဒီရောဂါအတွက် ကာကွယ်ဆေးနဲ့ကုသဆေးမရှိဘူးလို့ဆိုပါတယ်။

သံသယဖြစ်ဖွယ်သေဆုံးသွားခဲ့တဲ့ရှမ်းပြည်နယ်က၀က်တွေရဲ့ အသားစနမူနာတွေကို ပြီးခဲ့တဲ့ သြဂုတ်လ၉ရက်နေ့က ရန်ကုန်နဲ့မန္တလေးတိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေမှာ စစ်ဆေးခဲ့ပြီး ဒီရောဂါရဲ့ဗိုင်းရစ်ပိုးမျိုးရိုးဗီဇကိုရှာဖွေတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)

Source: စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

Dr. Naing Lin Htun