ပျော်ချင်လို့သွားခဲ့ပေမယ့် သွေးထွက်ဒဏ်ရာတွေနဲ့သာပြန်လာခဲ့ရတဲ့ မိသားစု

189

၎င်းမိသားစုကတော့ Alberta က Banff National ပန်းခြံလေးကို အလည်ပတ်ခရီးသွားများနဲ့အတူ လိုက်ပါလာခဲ့ကြပါတယ်။ အမျိုးသမီးနာမည်ကတော့ Elisa Rispoli ဖြစ်ပြီး အမျိုးသားကတော့ Matthew Rispoli အမည်ရှိပါတယ်။ ခရီးလိုက်ပါရာမှာ ချစ်စဖွယ်သားလေးနှစ်ယောက်လည်း ပါလာခဲ့ပါတယ်။ Camp ခရီးဖြစ်တာကြောင့် ခြုံတွေနဲ့ ရှင်းတဲ့နေရာလေးမှာ တဲထိုးပြီး နှစ်ခြိုက်စွာ အနားယူအိပ်နေခဲ့ကြပါတယ်။

ထိုအချိန် ဝံပုလွေတစ်ကောင်ရောက်လာပြီး အမျိုးသားဖြစ်သူ Matt ရဲ့ခြေထောက်ကစပြီး လှမ်းဆွဲကာ ဆွဲရမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အော်သံစူးစူးကြောင့် တစ်မိသားစုလုံးနိုးလာပြီး Matt ကို ကယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဝံပုလွေဟာ Matt ကို ဆွဲခါရမ်းပြီး သားလေးနှစ်ယောက်နဲ့ အမျိုးသမီးရှေ့ကို ပစ်ပေါက်လိုက်ပါတယ်။ Matt ကတော့ ဒဏ်ရာတွေနဲ့သွေးထွက်နေပြီး မထနိုင်ခဲ့ရှာပါဘူး။

ကြောက်နေမှန်းသိတဲ့ မိသားစုကို ဖြဲခြောက်နေသလားထင်ရအောင် မိသားစုတည်းခိုတဲ့ တဲလေးကိုလည်း ဖျက်ဆီးနေခဲ့ပါတယ်။ မိသားစုရဲ့အကူအညီတောင်းသံကြောင့် Russ Fee လို့အမည်ရှိတဲ့ ခရီးသွားဖော်တစ်ယောက်ဟာ သူ့ရဲ့တဲဘက်မှထွက်လာပြီး ကြည့်ရာ Matt တို့ရဲ့ တဲအိမ်တစ်ခုလုံးက ရစရာမရှိအောင်ကို ပြိုကျနေခဲ့ပါပြီ။

ဝံပုလွေက Matt ကို ထပ်မံဆွဲရမ်းဖို့လုပ်တုန်း အမျိုးသမီးဖြစ်သူက သူ့ရဲ့ခင်ပွန်းပါမသွားအောင် ခြေထောက်ကို ဆွဲပြီးကာကွယ်နေခဲ့တယ်လို့ ဆိုပါတယ်။ Fee က မြင်မြင်ချင်း ဝံပုလွေဆီကို ပြေးလာပြီး အရှိန်ပြင်းပြင်းဖြင့် ကန်ထုတ်လိုက်ပါတယ်။ ပြင်းထန်စွာ အကန်ခံရမှုကြောင့် ဝံပုလွေလည်း အနည်းငယ်လွင့်သွားပြီး Matt ကို လွှတ်ပေးလိုက်ပါတယ်။ ကန်ပြီးပြီးချင်း Fee က ကျောက်ခဲများဖြင့် ပစ်ပေါက်ပြီး ကျယ်လောင်စွာ အော်ဟစ်မောင်းထုတ်လိုက်တာကြောင့် ဝံပုလွေလည်း တောမှောင်ဘက်ကို ပြေးဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုအသက်ကို ကယ်နိုင်ခဲ့လို့ Fee ကို အရမ်းချီးကျူးကာ ကျေးဇူးတင်မဆုံးဖြစ်နေခဲ့ရပါတယ်။ Matt ကတော့ သူ့ဘဝမှာ ဒီလောက်ထိတ်လန့်စရာကောင်းတဲ့ အဖြစ်မျိုး မကြုံဖူးဘူးလို့ ဆိုခဲ့ပါတယ်။ သွေးတွေနဲ့ ဖုံးအုပ်နေတဲ့ Matt ကို ဆေးရုံကို အမြန်ပို့ခဲ့ပြီး ဆေးကုသမှုပေးခဲ့ရပါတယ်။ ဒဏ်ရာနက်ပေမယ့်လည်း အကောင်းအတိုင်းပြန်ဖြစ်လာနိုင်တာကြောင့် မိသားစုလည်း ဝမ်းသာမဆုံးဖြစ်နေကြရှာပါတယ်။

ယခုဆို ဝံပုလွေတွေဟာ ရှားပါးတယ်လို့ဆိုနိုင်ပါတယ်။ အချို့ကတော့ ဝံပုလွေတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်သုံးနေကြတာကိုလည်း တွေ့မြင်ဖူးကြမှာပါ။

မိသားစုခရီးသွားပြီဆိုရင် သတိလေးနဲ့ ဂရုစိုက်သွားဖို့ အသိပေးချင်တာကြောင့် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ ApannPyay ပရိတ်သတ်ကြီးထဲမှာလည်း စွန့်စားခရီးထွက်ရတာကို နှစ်သက်တဲ့သူတွေ ရှိမယ့်လို့ထင်ပါတယ်။ ဘယ်ပဲသွားသွား မျက်စိရှင်ရှင် နားရှင်ရှင်ထားဖို့ ApannPyay ပရိတ်သတ်ကြီးကို မှာလိုက်ပါတယ်နော်။

San Htet Wai-ApannPyay – Source-NBC