အန္တရယ်ကြားက တာဝန်သိသူကိုစာနာပေးကြပါ..

356

ရခိုင်ရိုးမပေါ်မှာ မူးယစ်ဆေးဝါး ၁၄ သန်းကို ဖမ်းဆီးရမိနိုင်အောင် ကူညီပေးခဲ့လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချီးကျုးဂုဏ်ပြုထိုက်သူဆုကိုရရှိခဲ့သလို မီဒီယာတွေမှာလည်း တစ်ခမ်းတစ်နား ဖော်ပြခံခဲ့ရရတဲ့ ကိုရာဇာတို့ မိသားစုဟာ အဲဒီအကျိုးဆက်အဖြစ် အခုတော့ အားလုံးနဲ့ အဆက်အသွယ်ဖြတ်လို့ ဇတ်မြုပ်နေထိုင်နေကြရပါတယ်။

“ကျမတို့ကို နားလည်ပေးကြပါ။ ဘယ်သူ့ကိုမှလည်းအပြစ်မတင်ဘူး ဒါပေမဲ့ကျမတို့ကိုအကြောင်းပြုပြီး ရေးသားဖေါ်ပြနေတာတွေ ရပ်ပေးပါကျေးဇူးလည်းတင်ပါတယ်။ အဟောင်းက အသစ်ပြန်ဖြစ်နေလို့ပါ။ တောင်းပန်ပါတယ်။ ဒါလေးလူသိအောင်ပြောပေးပါ။” လို့ဆိုလာသူကတော့ဥသျှစ်ပင်မြို့က ကိုရာဇာရဲ့ဇနီး ဖြစ်သူမခင်မာချို(အမည်လွှဲ) ဖြစ်ပါတယ်

ကိုရာဇာဟိန်းဟာ ၂၀၁၆ ဒီဇင်ဘာတုန်းက wyမူးယစ်ဆေးဝါး၁၄သန်းကို ဖမ်းမိအောင်တောထဲမှာ ၈ရက်ကြာ ထမင်းထုပ်ကွမ်းထုပ်ရေဘူးနဲ့ ၈ရက်ကြာ ကင်းထောက်ကာ ရဲတပ်ဖွဲ့ကိုကူညီခဲ့သူ ဖြစ်ပါတယ်။

အဲဒီကိစ္စတွေကြောင့်လည်း အသက်အန္တာရယ် ခြိမ်းခြောက်ခံရတာကြောင့် နေရပ်ကိုစွန့်ခွာပြီး စာနာတတ်သူလုပ်ငန်းရှင်တဦးရဲ့ကူညီမှုနဲ့ အလုပ်အကိုင်လေးတစ်နေရာရကာ ဇာတ်မြုပ်နေထိုင်ကြပြီး အရာအားလုံးနဲ့ အဆက်ဖြတ်ထားပြီး အေးခြမ်းစွာနေထိုင်နေကြရပါတယ်။

“အဲဒီတုန်းက လူလုံးထွက်ပြရတာကလည်း မပြလို့မဖြစ်သလို နယ်ကကျဉ်းတော့ တန်းသတင်းပေါက်ပြီး သူဆိုတာသိနေတာရယ် ပြရတဲ့အခြားအကြောင်းတွေ ပြောမဖြစ်တဲ့ အခြားအကြောင်းတွေ အများကြီး ရှိတယ်လေ နာမည်ကြီးချင်လို့ ဆုတွေယူချင်လို့ ရှေ့ထွက်ရပ်ခဲ့တာမဟုတ်ဘူး အဲဒီတုန်းက ခပ်တုံးတုံး နေခဲ့ရင်လည်း အခုလို အသက်ရှင် ရပ်တည်နိုင်ချင်မှ ရပ်တည်နိုင်မှာလေ”လို့သူမက ဆက်ပြောပါတယ်။

မူးယစ်ဆေးဝါးမှုကြီးကို ကူညီဖော်ထုတ်ခဲ့စဉ်ကတော့ နိုင်ငံတော်အစိုးရရဲ့ ချီးမြင့်တဲ့ဆုတွေနဲ့ အခြားအသင်း အဖွဲ့တွေကလည်း ဆုချတာမျိုးတွေအများအပြားရှိခဲ့သလို တစ်နိုင်ငံလုံးက ချီးကျူးတာခံရခဲ့ရပေမယ့် အဲဒီဆုတွေ ချီးကျူးထောပနာပြုမှုတွေကတော့ သူတို့မိသားစုရဲ့ လုံခြုံရေးကိုတော့ မကာကွယ်ပေးနိုင်ခဲ့ပါဘူး။

ဆုပေးတာတွေ၊ မီဒီယာကရေးဖော်ပြချက်တွေနဲ့ပတ်သက်လို့ “အမေစုလည်း ပြောဘူးတယ် နိုင်ငံရေးသမားတွေနဲ့ပတ်သက်လို့လေ ကိုယ့်အသိစိတ်နဲ့ ကိုယ်နိုင်ငံအတွက် ပြည်သူအတွက် ကိုယ့်ဆန္ဒနဲ့ရွေးချယ်ခဲ့တာ ဒီအတွက်ပြန်ရမှ ဘာပြန်ပေးမှ ဆိုတာမျိုးမဟုတ်ပါဘူး။ ကိုယ့်တာဝန်သိစိတ်က ကိုယ့်တာဝန်ဘဲ အပြည့်အစုံမမှတ်မိဘူး။ အဲလိုတော့နားလည်ထားတယ်။”လို့ ပြောပါတယ်။

သူမဟာ ပထ၀ီအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူဖြစ်ပြီး ဝန်ထမ်းအလုပ်မလုပ်ချင်လို့ စက်ချုပ်သင်ပြီး စက်ချုပ်ရင်း စက်ချုပ်သင်တန်းပြန်ပေးနေသူဖြစ်ပေမယ့် အခုအခါမှာတော့သူမရဲ့စက်ခုံနဲ့ဝေးကွာခါ သူမမလုပ်ချင်တဲ့ ကုမ္ပဏီဝန်ထမ်းအလုပ်ကိုပဲ ပျော်အောင်လုပ်ကိုင်ရင်း သားသမီးတွေရဲ့ပညာရေးကို ဖြည့်ဆည်းပေးနေရပါတယ်။

ဆိုင်ကယ်ပြုပြင်ဆိုင်ဖွင့်ပြီး အသက်မွေးခဲ့တဲ့ ကိုရာဇာကလည်း အခုတော့ နေရာသစ်မှာ အလုပ်သစ်နဲ့ နေသားကျဖို့အတွက် ကြိုးစားနေရပါတယ်။

“အစပိုင်းက နည်းနည်းတော့ စိတ်ဓာတ်ကျတာပေါ့ ကလေးတွေရှေ့ရေးရှိတာကိုး ဒါပေမဲ့ အခုသူဌေးက အလုပ်ပေးထားပြီးေ နစရာပါရတော့အဆင်ပြေပါတယ်။ စိတ်ကတော့ကိုယ့်နေရာ ကိုအချိန်တိုင်း လွမ်းနေရတာက စိတ်ဓတ်ကျခြင်းတမျိုးဘဲလို့ တွေးမိချိန်ကစလို့ နေရာသစ်မှာ ပျော်အောင် ကျိုးစားနေတယ်။”လို့ကိုရာဇာကပြောပါတယ်။

အမှန်တရားအတွက်လုပ်ခဲ့ပေမယ့်လည်း အသက်သက်အန္တရယ် ချိန်းခြောက်မှုတွေ ဖြစ်ပြီးနောက်ပိုင်းမှာ ပြီးခဲ့သမျှကို မေ့မေ့ပျောက်ပျောက် နေလို့ရအောင်ကျိုးစားနေစဉ်မှာပဲ သတင်းစာတွေ ဂျာနယ်မှာပါတဲ့ ရေးသားဖော်ပြချက်အချို့ဟာ သူတို့ကိုစာနာမှန်းသိသော်လည်း နိုင်ငံတော်အကြီးအကဲတွေကို ဖိအားပေး တောင်းဆိုသလိုဖြစ်နေပါတယ်။

တကယ်တော့ဘာမှ တောင်းဆိုနေတာမဟုတ်လို့ ရေးသားဖော်ပြမှုတွေ ဆက်ပြီးမလုပ်တော့ဖို့ သတင်းစာဆရာတွေကို တောင်းပန်နေပါတယ်။

“အဟောင်းတွေလည်း အသစ်မဖြစ်ချင်တော့လို့ အေးဆေးဘဲနေ နေပါတယ် စာနာစိတ်နဲ့ ရေးပေးနေတာသိပါတယ်။ ဒါပေမဲ့တော်ကြပါလို့ဒီနေရာကနေ တောင်းပန်စကားဆိုပါရစေ။ ”လို့သူမကပြောရင်း ချုံးပွဲချငိုချလိုက်ပါတယ်။

ထန်းထန်း(မဲဇလီ) #မြေလတ်အသံ #ApannPyay