ခေတ်စားလာပြန်တဲ့ အိမ်မွေးမြွေတွေကိုဦးထုပ်ဆောင်းပေးပြီး ကြွားကြသူများ..

105

အိမ်မွေးတိရစ္ဆာန်တွေဟာ လူသားတွေရဲ့အကောင်းဆုံးအဖော်မွန်တွေဆိုရင်လည်းမမှားပါဘူး။ ခွေးကလေးကြောင်ကလေးကအစ ချစ်ဖို့ကောင်းရင် ဒါမှမဟုတ် သဘောကျနှစ်သက်ရင် မြွေ၊မိကျောင်း၊ပင့်ကူအဆုံး အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ လူတွေကမွေးမြူထားတတ်ကြပါတယ်။

ကိုယ်မွေးထားတဲ့တိရစ္ဆာန်လေးတွေကိုလှစေချင်တဲ့အခါ အင်္ကျီလေးတွေနဲ့အခြားအဆင်တန်ဆာ ပစ္စည်းတွေဆင်ယင်ပြီး လူမှုကွန်ယက်ပေါ်မှာ လှကြောင်းကြွားရတာလဲပီတိတစ်မျိုးပါပဲ။

The sun websiteရဲ့ဖော်ပြချက်အရ အခုရက်ပိုင်း အင်စတာဂရမ်လူမှုကွန်ယက်ပေါ်မှာခေတ်စားလာတာကတော့ အိမ်မွှေးမြွေကလေးတွေကို ဦးထုပ်သေးသေးကလေးတွေဆောင်းပေးပြီး အပြိုင်အဆိုင်လှကြောင်းကြွားကြသူတွေပါပဲ။

မြွေကလေးတွေရဲ့ဦးခေါင်းကအရမ်းသေးငယ်တဲ့အပြင် ဦးထုပ်ဆောင်းပေးထားတုန်းမှာ မလှုပ်မရှားအောင်ထိန်းထားပြီး ဓာတ်ပုံရိုက်ရတာဟာ အန္တရာယ်လဲရှိသလို အင်မတန်ဒုက္ခများပြီး ခက်ခဲမှာပါ။

ဒါပေမယ့် သူတို့တင်ထားတဲ့ပုံလေးတွေကို ကြည့်လိုက်မိရင် သူတို့ဒုက္ခခံရတာတန်တယ်လို့စဉ်းစားရလောက်တဲ့အထိ မြွေကလေးတွေရဲ့ ချစ်ဖို့ကောင်းနေမှုကြီးကိုတွေ့ရမှာပါ။

သူတို့ဓာတ်ပုံရိုက်ပြသထားတဲ့မြွေတွေဟာ တစ်ကောင်ကို အနည်းဆုံး ဒေါ်လာတစ်ရာ(မြန်မာငွေ ၁သိန်းခွဲ)ရှိပြီး အဲ့ဒီမြွေတွေကိုဂရုစိုက်ရတာ အစာကျွေးရတာလဲ အင်မတန်သတိထားရပါတယ်။

အကယ်၍ မွေးထားတဲ့မြွေတွေကအဆိပ်ရှိပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့မြွေအမျိုးအစားထဲမှာပါခဲ့ရင် ဂရုတစိုက်နဲ့ အဆိပ်ထုတ်ပေးတာ၊အစွယ်ချိုးပေးတာတွေ ပြုလုပ်ပြီး အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်လုပ်ကာ စနစ်တကျမွေးမြူကြရပါတယ်။

Yenin Phawah-ApannPyay