ငါးသိုင်းချောင်း မြစ်ကူးတံတားအောက် သွားထိုင်သည့် ၇ တန်းကျောင်းသူ ပျောက်ဆုံးနေ

154

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြစ်ကူးတံတားအောက်တွင် ဩဂုတ်လ ၃၁ ရက်နေ့ ယနေ့နံနက်ပိုင်းက အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ ပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့် ကျောင်းသူမှာ အောင်ဆန်းရပ်ကွက်တွင်နေထိုင်၍ ငါးသိုင်းချောင်းအထက်တန်းကျောင်းတွင် ၇ တန်း တက်ရောက်နေသူဖြစ်ပြီး ပထမအကြိမ်ပျောက်ဆုံးခဲ့ရာ တံတားအောက်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

“မနေညက မုန့်စားပြန်လာတော့ နောက်ကျလို့သူအမေနဲ့စကားများတယ်ပြောတယ်၊ ခုမနက်ကျတော့ မုန့်သွားစားမယ်စိုထွက်သွားတာ ပြန်မလာလို့လိုက်ရှာပြီး ကျနော်တို့ကိုအကြောင်းကြားလို့ ဝိုင်းရှာနေပါတယ်”ဟု ငါးသိုင်းချောင်းခေတ္တရဲစခန်းမှူး ရဲအုပ် ဇော်မင်းဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ပျောက်ဆုံးနေသည့် ၇ တန်းကျောင်းသူမှာ ပထမအကြိမ်ပျောက်ဆုံးချိန်တွင် တံတား အောက်မှပြန်လည်တွေ့ရှိခဲ့သဖြင့် ယခုပျောက်ဆုံးသည့်အခါ တံတားအောက်သို့ မိဘများမှ သွားရှာစဉ် ၎င်းဝတ်သွားသည့် ခမောက်၊ နာရီနှင့် ဖိနပ်တို့ကို မြစ်ကမ်းနဖူး၌တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူ များထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ပျောက်ဆုံးနေသည့် ၇ တန်းကျောင်းသူကို ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ မီိးသတ်တပ်ဖွဲ့ဝင်များ ငါးသိုင်းချောင်းနယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဒေသခံရေငုတ်ကျွမ်းကျင်သူများ ဒေသခံပြည်သူများမှရှာဖွေလျက်ရှိကြောင်းသိရှိရသည်။

#Ayeyarwaddy_Times ဓါတ်ပုံ – ဇော်သစ်ဦး (ငါးသိုင်းချောင်း) #ApannPyay