ဂုဏ်ရှိန်ကြီးမားတဲ့ကောင်မလေးကိုလက်ထပ်ခဲ့မိလို့အသတ်ခံလိုက်ရတဲ့အမျိုးသား

227

အိန္ဒိယနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးလာနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် မျိုးရိုးဇာတ်နဲ့ အဆင့်အတန်းခွဲခြားတဲ့ အယူသီးမှုတွေဟာ အိန္ဒိယနိုင်ငံအတွင်းမှာအမြစ်တွယ်နေဆဲပါပဲ။ ဒီလို အဆင့်အတန်းခွဲခြားမှုတွေကြောင့် ပိုမိုပွင့်လင်းလာတဲ့ခေတ်စနစ်မှာနေထိုင်တဲ့ လူငယ်တွေဟာ အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။

ဒီအထဲမှာ စိတ်ထိခိုက်စရာအကောင်းဆုံးဖြစ်ရပ်ကတော့ မျိုးရိုးဇာတ်မြင့်တဲ့ကောင်မလေးကို ချစ်မိပြီး လက်ထပ်ခဲ့တော့ အသတ်ခံလိုက်ရတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲ။ South China Morning Post Websiteရဲ့ဖော်ပြချက်အရ အသက် ၂၃နှစ်အရွယ်လူငယ်လေးဟာ ချမ်းသာပြီး သြဇာအာဏာရှိတဲ့မိသားစုနဲ့ မျိုးရိုးကနေပေါက်ဖွားလာတဲ့ အသက် ၂၁နှစ်အရွဟ် မိန်းကလေးနဲ့ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက်ကံမကောင်းခဲ့တာကတော့ လူငယ်လေးဟာ အိန္ဒိယနိုင်ငံရဲ့မျိုးရိုးအဆင့်အတန်းခွဲခြားမှုမှာ အနိမ့်ပါးဆုံးမျိုးရိုးဖြစ်တဲ့ ဒါလစ်မျိုးနွယ်ဝင်တစ်ဦးဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒါလစ်မျိုးနွယ်တွေဟာ အရင်ခေတ်တွေကဆိုရင် မြို့ပြင်တွေမှာသာနေထိုင်ရပြီး ပညာသင်ခွင့်လည်းမရှိပဲ အခြားမျိုးနွယ်စုတွေနဲ့ အဖတ်လုပ်စကားပြောခြင်းကိုတောင် မခံခဲ့ရတဲ့အထိ အဆင့်အတန်းခွဲခြားခံခဲ့ရတဲ့ မျိုးနွယ်တစ်စုပဲဖြစ်ပါတယ်။

သမီးဖြစ်သူရဲ့ မျိုးရိုးနှိမ့်တဲ့သူတစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့ဖြစ်ရပ်ဟာ မိသားစုကိုသိက္ခာကျစေတယ်လို့ယူဆခဲ့တဲ့ ဖခင်ဖြစ်သူဟာ ကြေစားလူသတ်သမားတစ်ဦးကိုငှားပြီး သမက်ဖြစ်သူကိုသတ်ခိုင်းခဲ့တယ်လို့ South China Moring Post Websiteမှာဖော်ပြထားပါတယ်။ ဆရာဝန်နဲ့ချိန်းဆိုထားတာကြောင့် ထွက်လာခဲ့တဲ့လူငယ်လင်မယားနောက်ကနေ ကြေးစားလူသတ်သမားဟာ နောက်ယောင်ခံလိုက်ခဲ့ပြီး လူငယ်ကောင်လေးကို ဓားနဲ့ ဦးခေါင်းမှာတစ်ချက် လည်ပင်းမှာတစ်ချက်ထိုးသွင်းခဲ့ပါတယ်။ အဲ့ဒီလူငယ်လေးဟာ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ ပညာရေးအဆင့်အတန်ူမြင့်မားလာအောင်နဲ့ ပညာတတ်တွေများပြားလာအောင်ကြိုးစားလုပ်ဆောင်နေဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံသားတော်တော်များများဟာ ဆင်းရဲတွင်းထဲကနေ လွတ်မြောက်နိုင်ခဲ့ပါပြီ။ နိုင်ငံရဲ့စီးပွားရေးစနစ်ဟာလည်း ကမ္ဘာပေါ်မှာ အမြန်ဆုံးတိုးတက်နေတဲ့ နိုင်ငံထဲကတစ်ခုဖြစ်ပေမယ့် ယဉ်ကျေးမှုဆိုင်ရာနဲ့ပတ်သတ်ပြီး အယူသီးမှုတွေဖြစ်တဲ့ မျိုးရိုးဇာတ်ခွဲခြားတာ လူလူချင်းခွဲခြားဆက်ဆံတာတွေဟာ ဆိုးဝါးစွာကျန်ရှိနေဆဲပါပဲ။

Yenin Phawah-ApannPyay(အပန်းပြေ)