ဓာတ်လှေကားထဲမှာ လူဆယ်ယောက် တစ်နာရီကျော်ကြာ ပိတ်မိပြီး ခြောက်ခြားထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ ဖြစ်ရပ်

257

ဓာတ်လှေကားထဲမှာ လူဆယ်ယောက် တစ်နာရီကျော်ကြာပိတ်မိနေခဲ့ရတဲ့ ဖြစ်ရပ်ကို ကိုယ်တိုင်တွေ့ကြုံကြောက်လန့်တုန်လှုပ်ခဲ့ရတဲ့ Nway Htway Nway အကောင့်ပိုင်ရှင်ရဲ့ ဖော်ပြရေးသား အကြံပြုချက်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။ ဓာတ်လှေကား အလုံးပြုသူတိုင်း သတိရှိကြစေဖို့ နှင့် ဓာတ်လှေကား တည်ဆောက် အသုံးပြုသော ဆောက်လုပ်ရေး နှင့် အဆောက်အဦး ပိုင်ရှင်များ သတိထားမိကြစေရန် ရည်ရွယ်၍သာ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

ကိုယ်တိုင် အသက်ဘေးဒုက္ခတော့ရောက်ပြီလို့ တွေးပြီး ခြောက်ခြားထိတ်လန့်တုန်လှုပ်ခဲ့ရသော အတွေ့အကြုံ..

၆.၉.၂၀၁၉ သောကြာနေ့ညနေက ဟော့ပေါ့စီးတီးအလုံရဲ့ Customer service lift နှစ်စင်းရှိတဲ့အထဲက လက်ယာဘက်ဓာတ်လှေကားထဲမှာ ကျမအပါအဝင် ကာစတန်မာဆယ်ယောက် အချိန်တစ်နာရီ နဲ့ ၅မိနစ်ကျော်ကြာ ပိတ်မိနေခဲ့ပါတယ်…

ပိတ်မိနေခဲ့တာကတော့ ၁၁လသမီးကလေးလေးတစ်ယောက် ကလေးလေးအမေနဲ့ ကလေးလေးရဲ့အဒေါ်အပါအဝင် ကျမအပါအဝင်အမျိုးသမီး၇ယောက် ကောင်မလေးတစ်ယောက်နဲ့ကောင်လေးစုံတွဲလေးတစ်တွဲနဲ့ စုစုပေါင်းဆယ်ယောက်ပါ..

၅နာရီ ၅၅ မိနစ် ကနေ ၆နာရီ ၁၇ မိနစ်

ညနေ ၅နာရီ ၅၅မိနစ် ပိတ်မိမိချင်း ဓာတ်လှေကားထဲကနေ ကျမတို့တွေ ဓာတ်လှေကားအရေးပေါ်ခေါင်းလောင်းကို အဆက်မပြတ်တီးပါတယ် ဆိုင်ဝန်ထမ်းတွေကို အရေးပေါ်အခြေအနေဆိုတာ ဖုန်းဆက်အကြောင်းကြားတယ် တစ်ဖက်ဓာတ်လှေကားအလုပ်လုပ်နေတယ် တစ်ဖျက်ကပျက်နေတယ်ဆိုတာပဲ ထပ်ခါထပ်ခါ ပြောပြီး အချိန်၁၅မိနစ်ကြာတဲ့အထိ ဘာမှထူးခြားမလာပါဘူး..ဓာတ်လှေကားထဲကမီးတွေ လင်းနေသေးလို့ လူကလည်း ဆယ်ယောက်မို့ အချင်းချင်းအားပေးကြရင်း တစ်ဖက်ကဘာမှမထူး.. အပြင်မှာကာစတန်မာတွေကို နေရာယူကြဖို့ လော်စပီကာအသေးစားနဲ့ ကြေငြာနေတာကလွဲလို့ဘာမှမထူးတာမို့ ပိတ်မိနေတဲ့အထဲကလူတွေအချင်းချင်းတိုင်ပင်ကြပြီး ညနေ ၆နာရီ၁၇မိနစ်မှာ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့နဲ့အရေးပေါ်ကယ်ဆယ်ရေး(192) ကိုဖုန်းခေါ်အကြောင်းကြားကြပါတယ်..ဘုရားတန်ခိုးပါပဲ ဖုန်းလိုင်းမိပြီး ကျမတို့တတွေ မီးသတ်နဲ့အဆက်အသွယ်ရခဲ့ပါတယ်

၆နာရီ ၂၀ ကနေ ၆နာရီ ၄၅မိနစ်

ပိတ်မိနေတဲ့ထဲက လူတစ်ယောက်က အပြင်မှာကျန်နေခဲ့တဲ့ သူ့ကားဒရိုင်ဘာကို ဖုန်းခေါ်ပြီးပြောတယ် စာပို့တယ်.. ဒရိုင်ဘာသိသိချင်း ဆိုင်တာဝန်ရှိသူတွေကို သွားပြောတယ်.. အပြင်ကနေပြီး ဆိုင်ကလူတွေတစ်ဦးတစ်ယောက်ကမှ ဓာတ်လှေကားအထဲကလူတွေကို သူတို့ကြိုးစားနေပါတယ်ဆိုတာ အကြောင်းမကြားလာဘူး.. အထဲကအခြေအနေဘယ်လိုရှိလဲလည်း မေးမလာပါဘူး.. ကျမတို့အားလုံးကလည်း ပထမပိုင်းမီးပျက်နေလို့ ဓာတ်လှေကားပျက်တယ် မီးပြန်လာရင်ဖြစ်စေ မီးစက်နိုးရင်ဖြစ်စေ ဓာတ်လှေကားပြန်ရမယ်လို့ တွေးထားကြပေမယ့် အပြင်မှာ မီးလာနေတယ် ဒါပေမယ့် ဓာတ်လှေကားကပွင့်မလာဘူး အလုပ်မလုပ်ဘူး..

အချိန်ကြာလာတာနှင့်အမျှ ဓာတ်လှေကားထဲပိတ်မိနေသူတွေဟာ အသက်ရှူကြပ်လာကြပြီ ၁၁လသားအရွယ်ကလေးလေးလည်း မျက်နှာဖြူဖတ်ဖြူလျော်ဖြစ်လာပြီး ကလေးလေးအမေလည်း ကလေးလေးကိုပွေ့ထားရင်းနဲ့ မျက်စိမျက်နှာတွေပျက်ဖြစ်နေပါပြီ.. ဘေးကနေမကောင်းတဲ့သူငယ်ချင်းလည်း မူးတယ်လို့ပြောရင်း အသက်ရှူကြပ်လာနေပါပြီ အဲဒီအချိန်မှာ အင်ဂျင်တစ်ခုခုကမီးခိုးနံ့လိုအနံ့မျိုး ရလိုက်ပြီး ဓာတ်လှေကားကလည်း အရေးပေါ်အချက်ပေးတဲ့အသံမျိုးထွက်လာတာမို့ ဓာတ်လှေကားစက်ချို့ယွင်းပြီး ပိတ်မိကာအသက်ရှူမဝဖြစ်နိုင်သလို စက်ယန္တရားတွေ ရှော့ခ်ဖြစ်ပြီးလည်း မီးလောင်နိုင်တာကြောင့် အသက်ဆုံးရှုံးနိုင်တာတွေတွေးမိပြီး ကိုယ်လည်းအိမ်ကကျန်နေတဲ့လူမမည်ကလေးသုံးကောင်ကို အပြီးထားခဲ့ချိန်များလားလို့ ကျမလေ အသက်ရှူရပ်လုမတတ် လဲကျလုမတတ်ပါပဲ..အခြားလူတွေလည်း အိနြေ္ဒမပျက်သာ နေနေကြပေမယ့် သွေးပျက်နေကြတာ သူတို့မျက်နှာတွေမှာ အတိုင်းသားမြင်နေရပါတယ်…

အဲဒီအချိန်မှာ ဓာတ်လှေကားထဲက မီးကလည်း လာလိုက်ပျက်လိုက်ဖြစ်လာတာမို့ ပိုပြီးခြောက်ခြားစရာဖြစ်လာပါတယ်.. အထဲပိတ်မိနေသူတွေဟာ ဓာတ်လှေကားနံရံတွေကို တဒုန်းဒုန်းနဲ့ ကယ်ကြပါ ကယ်ကြပါလို့ အော်ဟစ်အကူအညီတောင်းတဲ့အထိဖြစ်လာတယ်..

အဲဒီအချိန်မှာ မီးပျက်တာကြောင့်မဟုတ်ပဲ ဓာတ်လှေကားစက်ချို့ယွင်းတာသေချာနေပြီ ဓာတ်လှေကားက ပုံမှန်အရှိန်နဲ့မကျပဲ ရုတ်တရက်ပြုတ်ကျခဲ့သော် impact လျော့နိုင်သမျှ လျော့အောင်လို့ တွေးမိပြီး ပိတ်မိနေသူတွေကို ထိုင်ကြပါ..စိတ်အေးအေးထားပါ အသက်ဖြည်းဖြည်းရှူပါ ယုံကြည်ရာဘုရားအာရုံပြုကြပါလို့ ပြောပြရင်း ကိုယ်တိုင်လည်း ဘုရားစာဆို သစ္စာပြုပြီး ခုအခက်အခဲကြုံနေရသူတွေအားလုံး အသက်အန္တရာယ်ကင်းပြီး အမြန်ဆုံး အပြင်ပြန်ထွက်နိုင်ရပါလို၏လို့ ဆုတောင်းပါတယ်( သစ္စာဆိုတာ ဆိုသင့်ချိန်မှာ ဆိုကိုဆိုရပါတယ် တကယ်အမှန်တရားတစ်ခုကိုတိုင်တည်ပြီးဆိုရတဲ့သစ္စာစကားဟာလည်းတကယ်ထိရောက်တယ်လို့ ကျမယုံကြည်ပါတယ်)

ကျန်တဲ့ပိတ်မိနေတဲ့သူတွေအားလုံးကလည်း ကျမပြောတာလိုက်လုပ်ကြရင်း ညီမလေးတစ်ယောက်က မျက်နှာသွေးမရှိတော့သလိုဖြစ်လာပြီး အမသမီးတို့သေသွားနိုင်လားဟင်လို့ မေးလို့.. စိတ်အေးအေးထားလို့ ပြောမိပေမယ့် ရင်ထဲမှာလည်း ကမ္ဘာပျက်လို့ပေါ့..

ကျမလေ ဖုန်းနဲ့ ခေါ်လို့ရသမျှ သူငယ်ချင်းတွေကို စာပို့ ဖုန်းခေါ်နဲ့ လူကသွေးပျက်ချင်သလိုဖြစ်လာပြီ.. အချိန်၄၅မိနစ်ကျော်လာတဲ့အထိ ဆိုင်ဝန်ထမ်းနဲ့ ဆိုင်အုပ်ချုပ်သူ သက်ဆိုင်သူတစ်ယောက်တစ်လေဆီကမှ ပိတ်မိနေသူတွေကို အထဲမှာ ဘယ်လိုနေလဲ သူတို့ဘာလုပ်ပေးနေပါတယ် ဆိုတာမျိုး လုံးဝဆက်သွယ်လာတာမျိုးမရှိပဲ အပြင်မှာရှိနေတဲ့ ကာစတန်မာတွေကို နေရာယူဖို့ကြေငြာပေးနေတာကိုသာ ကြားနေရတဲ့အတွက် အားမလိုအားမရဖြစ်ကြရင်း ကျမတို့အားလုံး အရမ်းလည်းကြောက် အသက်ရှူမဝဖြစ်စပြုနေကြပါပြီ…

ညနေ ၆နာရီ ၅၀မိနစ်မှာတော့ မီးသတ်တပ်ဖွဲ့ကဖုန်းဝင်လာပါတယ်.. သူတို့လာနေပါပြီတဲ့..အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ခံစားရချိန်မှာ အချိန်တစ်စက္ကန့်ဟာ တစ်ကမ္ဘာလောက်ကြာတယ်ဆိုတာ ပြောမယုံကြုံဖူးမှ သိကြမှာပါ… ရင်တထိတ်ထိတ်နဲ့ ဓာတ်လှေကားကြီးများ ရုတ်ရက်ဝုန်းကနည်း အရှိန်ပြင်းပြင်ထန်ထန်နဲ့ပြုတ်ကျမလား မီးပဲထလောင်ပေါက်ကွဲတော့မလားတွေးပြီး ကြောက်လိုက်တာဆိုတာလေ..

ညနေ၆နာရီ ၅၅မိနစ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ ၁၅ယောက်လောက် ပစ္စည်းကိရိယာ အစုံအလင်နဲ့ရောက်လာပါတယ်.. ရောက်လာလာခြင်း ဘာမှမကြောက်နဲ့ ကျွန်တော်တို့ရောက်လာပြီလို့ မီးသတ်တပ်ဖွဲ့ဝင်တွေကအော်ပြောကြပြီး ဓာတ်လှေကားတံခါးကို သံတူအကြီးကြီးတွေကလန့်ပြီး တော်တော်ခက်ခက်ခဲကိုဖွင့်ယူခဲ့ရပြီး ည၇နာရီ ၅မိနစ်မှာ ကျမတို့အားလုံး ကြောက်ကြောက်လန့်လန့်နဲ့ အပြင်ထွက်လာနိုင်ခဲ့ပါတယ်..

ဖြစ်သင့်တာက လူဆယ်ယောက်လုံးလုံး အသက်ရှူမဝ အောက်ဆီဂျင်မရတဲ့ ဓာတ်လှေကားထဲမှာ တစ်နာရီကြာပိတ်မိနေခဲ့တာမို့ ဆိုင်အနေနဲ့ ကယ်ဆယ်ရေးနဲ့ အရေးပေါ်ရှေးဦးသူနာပြုစုဖို့တွေကို ပြင်ဆင်ထားသင့်ပါတယ်.. တကယ်တမ်းကျမတို့ထွက်လာချိန်မှာ ဘာမှပြင်ဆင်ထားကြခြင်းမရှိ အနည်းဆုံး ရှုဆေး ရေပုလင်းစတာတွေတောင်ပြင်ဆင်ထားခြင်းမရှိတာမို့ အပြင်ရောက်တော့ ကျမတို့အားလုံး ပိတ်မိနေသူတွေအချင်းချင်းပြုစုအားပေးခဲ့ကြတာ ပိတ်မိနေခဲ့ကြတဲ့ကျမတို့အားလုံးအသိပါ..ဒါကျမအပြုသဘောနဲ့အကြံပြုရေးတာပါ ဟော့ပေါ့စီးတီးကတာဝန်ရှိသူတွေကိုလည်း ကျမပြောပြခဲ့ပါတယ်..

တာဝန်ရှိသူတွေဆိုတဲ့နေရာမှာ ခုလို ကိုယ့်ဆိုင်လာအားပေးသူကာစတန်မာတွေ ဆိုင်ဓာတ်လှေကားမှာ အသက်ဘေးကြုံလုနီးပါးဖြစ်တာကို ဆိုင်ဧည့်ကြိုဝန်ထမ်းလေးတွေကပဲ သူတို့နဲ့ပြောပါ သူတို့ကတာဝန်ရှိသူပါလို့လည်း ဆိုပါတယ်… ဒါဆိုသမီးကို တရားစွဲမယ်ဆိုရင် ရမလား.. ဒါတရားစွဲလို့ရတယ် ဒီဆိုင်ဘယ်သူပိုင်လဲ တနိုင်ငံလုံးသိတယ်လို့ပြောမှ တာဝန်ရှိသူတို့ သူတို့အမှားကို လွယ်လွယ်နဲ့ဝန်မခံချင်တဲ့ ဆိုင်ပိုင်ရှင်ဆိုသူတို့ ထွက်လာပြီးတောင်းပန်ကြပါတယ်…

ဒီတော့မှပဲ ဆိုင်မှာဓာတ်လှေကားနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ဝန်ထမ်းလည်း မရှိသလို.. သူတို့အပြောအရ အာရှမှာအကြီးဆုံးဆိုင်ထဲမှာ ပါပါတယ်ဆိုတဲ့ ဆိုင်မျိုးမှာ ကာစတန်မာတွေအတွက် အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးနဲ့ safety procedures တွေဘာမှ စီစဉ်ထားခြင်းမရှိ စီစဉ်ထားရမယ်ဆိုတာလည်း မသိကြဘူးလို့ အဆိုပါတာဝန်ရှိသူတွေကပြောပါတယ်..ဒီအတွက် သူတို့တောင်းပန်တဲ့အကြောင်းနဲ့ ခုလိုလုပ်ရမှာတွေ သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်.. ဪ အသက်ပေးရလုနီးပါးသောအတွေ့အကြုံနဲ့ရတဲ့ ကျေးဇူးတင်စကား..

နောက်တစ်ချက် ကျမတို့ပိတ်မိနေချိန်မှာ ဓာတ်လှေကားထဲက CCTV ရဲ့မီးတွေလင်းနေတာကြောင့် CCTV control room ထဲကနေကျမတို့ကိုမြင်မှာပဲလို့ ထင်ထားခဲ့ပေမယ့် တကယ့်တကယ် အဲဒီ control room ထဲမှာ monitoring လုပ်ပြီး စောင့်ကြည့်မယ့်ဝန်ထမ်းလည်း မရှိတဲ့အပြင် ပိတ်မိနေတဲ့ဓာတ်လှေကားဘက်ခြမ်း TV ကအလုပ်မလုပ်ဘူးဆိုတာကို ကျမတို့ ပြန်ထွက်လာပြီး control room ကိုကြည့်ချင်တယ်ပြောပြီး ဝင်ကြည့်တဲ့အချိန်မှာမှ သိခဲ့ရပါတယ်.. အိုဘယ့် အံ့ဖွယ် Security system ပါပဲ..

ကြီးကျယ်တယ်ပဲပြောပြော ကျမတို့နိုင်ငံမှာလေ လူ့အသက်တွေ တန်ဖိုးရှိစေချင်စမ်းလှတယ်…သူများနိုင်ငံတွေများခွေးလေးကြောင်လေးကအစ ကယ်လို့ရသမျှ ကယ်ကြတာ.. တကယ်လည်း alert ဖြစ်ပြီး အသက်အန္တရာယ်တစ်ခုခုကျရောက်ပြီဆိုတာသိလို့ အကြောင်းကြားတာနဲ့ သက်ဆိုင်ရာနေရာတွေ လူတွေဟာ အချိန်နဲ့တပြေးညီကယ်ဆယ်ရေး ကိုအင်တိုက်အားတိုက်လုပ်ကြတာ အားရစရာပါ..

ခုတော့ကြည့်ပါဦး ဓာတ်လှေကားအသုံးပြုပြီး အလုပ်လုပ်မယ့်အဆောက်အဦမှာ ဒီစက်ယန္တယားပျက်ခဲ့သည်ရှိသော်ဆိုတဲ့ back up plan တို့ အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ် (emergency rescue procedure)တွေ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသည်ပထမ ( safety first ) ဆိုတာတွေဟာ တကယ်တတ်ကျွမ်းနားလည်သူတွေကညွှန်ကြားပြီး လိုက်နာကြရမယ်ဆိုတာကိုတောင် မသိကြသေးဘဲ လုပ်ငန်းအကြီးကြီးတွေ လည်ပတ်နေကြတာဟာ လူ့အသက်တွေကို ပစ်စလတ်ခတ်ဖြစ်ဖို့ အခွင့်အရေးတွေ သိပ်များပြီး လူ့အသက်တွေ တန်ဘိုးမဲ့သလိုဖြစ်ဖို့ ဦးတည်နေတာမို့ သိပ်ကိုဝမ်းနည်းတုန်လှုပ်ပြီး စိတ်မကောင်းဖြစ်စရာကောင်းလှပါတယ်…

သမ္မာအာဇီဝဆိုတာဟာလေ ကိုယ့်အကျိုးအတွက် ဝယ်ယူအားပေးသူ စားသုံးသူတွေအပေါ် ကိုယ့်စီးပွားကြောင့် ဘေးအန္တရာယ်မြူတမှုန်စာလေးမျှ ကျရောက်စေခြင်းမဖြစ်ရလေအောင် ကာကွယ်ပေးနိုင်ဖို့ အဓိကအကျဆုံး.. ဒါမှလည်း ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတာမျိုး ဖြစ်မယ်ဆိုတာကို ဘယ်စီးပွားရေးလုပ်ငန်းလုပ်သူမျိုးမဆို သိရှိနားလည်ပြီး သမ္မာအာဇီဝ သမ္မာဝါယမ ဖြစ်အောင် လိုက်နာဆောင်ရွက်နိုင်ကြပါစေဟူ၍သာ…

သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ

၀၆.၀၉.၂၀၁၉ – Nway Htway Nway