ချစ်သူကောင်မလေးကိုတစ်လတိတိ လျှို့ဝှက်စွာ လက်ထပ်ခွင့်တောင်းခဲ့တဲ့လူ

25

ဆိုရှယ်မီဒီယာတွေပေါ်မှာ အချို့သောယောကျာ်းလေးတွေက သူတို့ရဲ့ချစ်သူကောင်မလေးကို ဘယ်လိုလက်ထပ်ခွင့်တောင်းရတယ်ဆိုတဲ့ ဆန်းပြားချစ်စရာကောင်းတဲ့နည်းလမ်းလေးတွေကို မျှဝေနေတာကို ApannPyay ပရိတ်သတ်ကြီးအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အချို့ကတော့ သူများနဲ့မတူနိုင်မယ့် လက်ထပ်ခွင့်တောင်းနည်းလေးတွေကို စဉ်းစားနေတဲ့သူတွေလည်း ရှိမှာပါ။

UK က Herefordshire မှာနေထိုင်တဲ့ Edi Okora အမည်ရှိတဲ့ လူတစ်ဦးဟာ သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်လိုက်ပြီး အရင်လကပဲ စိန်လက်စွပ်တစ်ကွင်းကို ဝယ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုအံ့သြသွားအောင် လုပ်ရမယ်ဆိုတာ စဉ်းစားရင်း အချိန်ကောင်းကို စောင့်နေခဲ့တာဖြစ်ကြောင်း Elite Readers သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာရိုးရှင်းပြီး ဘယ်သူမှမလုပ်ဘူးတဲ့အကြံလေးကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဘာလည်းဆိုတော့ သူဟာ ချစ်သူကောင်မလေး Cally ကို လက်ထပ်ခွင့်တောင်းမယ့်အကြောင်းကို လုံးဝအသိမပေးခဲ့ဘဲ ချစ်သူကောင်မလေးသတိမထားမိတဲ့အချိန်တွေနဲ့ အိပ်နေတဲ့အချိန်တွေမှာ ကောင်မလေးနဲ့ လက်စွပ်ကို အတူတွဲကာ တစ်လတိတိဓါတ်ပုံတွေရိုက်နေခဲ့ကြောင်း Elite Readers သတင်းဝက်ဘ်ဆိုက်မှာ ထပ်မံဖော်ပြသွားခဲ့ပါတယ်။

ခုချိန်မှာတော့ သူဟာ ရိုက်ထားခဲ့တဲ့ဓါတ်ပုံတွေကို ချစ်သူကောင်မလေးကို ပြခဲ့ပြီး ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့တာ ဖြစ်ပါတယ်။ ချစ်သူကောင်မလေးလည်း အရမ်းအံ့သြခဲ့ရပြီး Yes ဆိုပြီး အဖြေပေးခဲ့ကြောင်းနဲ့ ခုဆိုရင် စိန်လက်စွပ်လှလှလေးဟာ ချစ်သူကောင်မလေးရဲ့လက်မှာ လိုက်ဖက်စွာ ရှိနေခဲ့ပြီဖြစ်ကြောင်း Elite Readers သတင်းဝက်ဘ်ဆိုက်မှာ ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။

ApannPyay ချစ်ပရိတ်သတ်ကြီးမှာရော ဒီလိုရိုဆန်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားပြီလား။ သင့်မှာရော အကြံကောင်းလေးတွေ ပိုင်ဆိုင်ထားပြီလားဆိုတာ မျှဝေပေးခဲ့ပါဦးနော်။

San Htet Wai-ApannPyay(အပန်းပြေ)