လမ်းဘေးမှာ သိုသိုသိပ်သိပ်နေပေမယ့် မြင့်မားလွန်းတဲ့ ပညာဉာဏ်ကြောင့် လူတွေအံ့အားသင့်ခဲ့ရတဲ့ ဖြစ်ရပ်

312

အပွေးမြင်အပင်သိဆိုတဲ့ စကားပုံနဲ့ လက်တွေ့အကျဆုံးက သစ်ပင်တွေကို ဆုံးဖြတ်တဲ့အခါမှာ ပိုပြီးမှန်ပါလိမ့်မယ်။ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ဒီလူ လူဆိုးလား လူကောင်းလားဆိုတာ ချက်ချင်း ဆုံးဖြတ်ဖို့ ခက်ပါတယ်။ တစ်ချို့လူတွေက ပေါ်ပေါ်ထင်ထင်နေပေမယ့်-

အဆင်းလှဆန်း လူ့ပေါက်ပန်း-ဆိုတာလို အချင်းနဲ့အဆင်း တစ်ခြားဆီ ဖြစ်တတ်ပါတယ်။ တစ်ချို့က သိုသိုသိပ်သိပ် ပေါ်ပေါ်ထင်ထင် မနေကြပါဘူး။ သူတို့ဟာ ပညာရှိတို့ကျင့်သုံးလေ့ရှိတဲ့ စည်ဆိုတာ တီးမှမြည်တယ်ဆိုတဲ့ ကျင့်ထုံးနဲ့ နေလေ့ရှိပါတယ်။

အခု လမ်းဘေးမှာ နေထိုင်တဲ့ အမျိုသားကြီးတစ်ယောက်ရဲ့ အဖြစ်ကိုပဲကြည့်ပါ။ သူဟာ သာမန်အားဖြင့် ပေတိပေစုတ်လူတစ်ယောက်၊ အရုပ်ဆိုးဆိုး လူတစ်ယောက်ထက် မပိုပါဘူး။ သူဟာ ရှန်ဟိုင်းမြို့က လမ်းမထက်က တစ်နေရာရာမှာ စာအုပ်တစ်အုပ်အုပ်ကို သည်းကြီးမည်းကြီး ဖတ်နေတတ်ပါတယ်။

ဒါပေမယ့် မကြာခင်က ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကြောင့် သူ့ကို အရစ္စတိုတယ်၊ ပလေတို၊ ကွန်ဖြူးရှပ်၊ ဒန်တီတို့နဲ့ နှိုင်းယှဉ်မှုတွေ ရှိခဲ့ပါတယ်။ သူက သူ့ကို ဗွီဒိယိုလာရိုက်သူတွေကို အလုပ်မဟုတ်တာတွေ လုပ်နေမယ့်အစား၊ စာဖတ်ကြပါ။ စာဖတ်ခြင်းဟာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေတယ်လို့ ဆုံးမပါတယ်။

သူ့အမည်ကတော့ Shen ဖြစ်ပါတယ်။ သူဟာ တစ်ခြားသူတွေက ငွေရေးကြေးရေး အကူအညီပေးဖို့ ကမ်းလှမ်းတာကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး၊ ကိုယ့်အဖေကိုယ့်အမေသာ ကျွေးကြမွေးကြပါလို့ ပြောပါသတဲ့။ သူက ဂန္ဓီရဲ့ ခြိုးခြံချွေတာနေထိုင်ရေးကို အလွန်သဘောကျသူပါ။

Shen က ” ကျုပ် မကျော်ကြားချင်ဘူး … လိုအပ်တဲ့အရာလည်း မဟုတ်ဘူး .. ကျုပ်က အိုလည်းအိုနေပြီ … ဘာမှမသေချာတဲ့ ဘဝမှာ ဘာမှ ပိုမလိုချင်ဘူး … လူဆိုတာ အချိန်ဖြုန်းဆုံး သတ္တဝါတွေ … အချိန်မဖြုန်းခြင်းကပဲ လူပိုပြီး ပီသစေမှာ “လို့ ပြောခဲ့ပါတယ်။

သူဟာ ဒီမတိုင်ခင်က လူတွေက သူ့ကို မျောက်လိုမောင်းထုတ်ခဲ့တာတွေကို စိတ်မနာသလို၊ အခုလို အရပ်ရပ်က လာပြီး ပူဇော်သက္ကာရပြုနေတာကိုလည်း စိတ်မှာသာယာမနေကြောင်း၊ သူ့ဘာသာ အစားအစာကို ရသလိုရှာစားနေဦးမှာလို့ ပြောပါတယ်။ သူ့ကို ပညာရှိလို့သာ အားလုံးက သတ်မှတ်ထားပြီး၊ ဒီထက်ပိုပြီး သူ့အကြောင်း သိသူ မရှိကြပါဘူး။

နေသူရိန် D Nae Khit Media