ရဲတပ်သား တစ်ဦးနဲ့ အရက်အတူသောက်ပြီး ပိုက်ဆံရှင်းဖို့ ခေါ်ရာမှ လူသတ်မှုဖြစ်

135

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ပုသိမ်- မုံရွာကားလမ်းဘေးမှာ မနေ့က ညနေ ၆ နာရီဝန်းကျင်ခန့်က ရဲတပ်သားတဦးနဲ့ အရပ်သား ၂ ဦးတို့ ခိုက်ရန်ဖြစ်ပွားရာ အရပ်သားတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း ညောင်ခြေထောက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။

ဥသျှစ်ပင်မြို့ ပုသိမ်- မုံရွာလမ်းဆုံအနီးရှိ စားသောက်ဆိုင်တဆိုင်မှာ ရဲတပ်သားတဦးအပါအဝင် အရပ်သား ၈ ဦးတို့ အရက်ဝိုင်းဖွဲ့သောက်ခဲ့ရာ ငွေရှင်းရန်ပြောဆိုနေစဉ် ဆိုင်အတွင်းကနေ ရဲတပ်သားမှာထွက်သွားလို့ လိုက်ခေါ်ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒဏ်ရာရရှိခဲ့သူ ကိုနေလင်းထွန်းက ပြောပါတယ်။

“ အဲဒီရဲနဲ့ ရင်းနှီးပါတယ်။ ကျနောတို့ နာရေးပို့ပြီးပြန်လာတော့ အရက်ဆိုင်မှာသောက်ကြတာ ၉ ယောက် သူ(ရဲ)လည်းပါတယ်။ ပိုက်ဆံမရှင်းပဲ တယောက်ပြီးတယောက်ထွက်သွားကြတာ နောက်ဆုံး သူနဲ့ ကျနော်တို့ ၃ ယောက်ပဲ ကျန်တော့တယ်။ ငွေစုရှင်းဖို့ပြောနေရင်း သူကအပြင်ထွက်သွားလို့ ကျနော်ကလိုက်ခေါ်တာ ကျနော်ကျောကို ဓါးနဲ့ အရင်ထိုးတယ်။ ပြီးတော့ ကျနော်ညီကပြေးလာတော့ ကျနော်ညီကို ဆက်ထိုးတယ်။ ထိုးပြီးတော့ တန်းပြေးတာပဲ။” ဟု ကိုနေလင်းထွန်းက ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိမှာ ညီအကိုတော်စပ်ပြီး ပန်းတောင်းမြို့နယ် ညောင်ခြေထောက်အုပ်စု ဆင်လန်ကျေးရွာတွင် အလုပ်လုပ်ကိုင်ရန် မကျီးတောအုပ်စု စဉ့်ကူးကျေးရွာ လာရောက်နေထိုင်ကြသူများဖြစ်ပြီး သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ဖိုးခင်လြှဖစ်ပြီး ဒဏ်ရာရရှိသူ နေလင်းထွန်းတို့ဖြစ်ကြောင်း ညောင်ခြေထောက်အုပ်စု အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းဦးက ရှင်းပြသည်။

လူသတ်မှုကျူးလွန်သူမှာ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်သား သဲကိုကိုဆိုသူဖြစ်ပြီး လူသတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေတယ်လို့ ဥသျှစ်ပင်နယ်မြေရဲစခန်း စခန်းမှူးက ပြောပါတယ်။

“ ရဲတပ်သားနဲ့ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ လူကြီးတွေ စစ်ဆေးမေးမြန်းနေလို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။” ဟု ရဲအုပ်လှသန်းက ပြောပါတယ်။

ဒဏ်ရာရရှိသူ ကိုနေလင်းထွန်းမှ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၄ တို့နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

#မြေလတ်အသံ #ApannPyay