စစ်ကိုင်းက ကိုဗစ်အတည်ပြု လူနာအမှတ် ၁၄၅ အိန္ဒိယက ပြန်ခေါ်လာသူဖြစ်

0
164

စစ်ကိုင်းက ကိုဗစ်အတည်ပြု လူနာအမှတ် ၁၄၅ အိန္ဒိယက ပြန်ခေါ်လာသူဖြစ်

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၇ ယောက်မြောက် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ်အမှတ် ၁၄၅ ဟာ စင်းလုံးငှားလေယာဉ်နဲ့ အိန္ဒိယနိုင်ငံကနေ ပြန်လာသူတွေထဲက ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။“သူက ချောက်မြို့ဇာတိပါ။ စစ်ကိုင်းတိုင်းက မဟုတ်ဘူး။ အိန္ဒိယက ပြန်ခေါ်တဲ့ထဲက တယောက်ပေါ့။ သံဃာ၊ သီလရှင်ထဲက မဟုတ်ပါဘူး။ လူဝတ်ထဲကပါ။ အခုတော့ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကို ရွှေ့နေပါတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

သီတဂူဆရာတော်ရဲ့ အကူအညီနဲ့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကနေ လေယာဉ်စင်းလုံးငှားနဲ့ စာသင်သား ရဟန်းသံဃာ ၂၁၁ ပါး၊ သီလရှင် ၅ ပါးနဲ့ လူပုဂ္ဂိုလ်အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၂၅၇ ဦးတို့ကို ဧပြီလ ၂၂ ရက်နေ့က ပြန်လည်ခေါ်ယူခဲ့တာပါ။ ပြန်လည်ရောက်ရှိလာသူတွေကို စစ်ကိုင်းတောင်ရိုး၊ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာ အကယ်ဒမီကျောင်းမှာ Community Base Facility Quarantine အဖြစ် ၂၁ ရက် ထားရှိနေတာ ဖြစ်ပါတယ်။အိန္ဒိယ ပြန်လာသူတွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့လည်း သွားရောက် ကြည့်ရှုခဲ့ကြပါသေးတယ်။ အစိုးရအဖွဲ့အနေနဲ့တော့ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း Social Distancing နဲ့အညီ သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ Quarantine ဝင်ဖို့၊ မဝင်ဖို့ကိစ္စကို ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

“လောလောဆယ်တော့ သိပ်ပြီးထူးခြားမှု မရှိဘူး။ အရင်နဲ့စာရင်တော့ ဒီမနက်မှာ Mask တပ်သူ ပိုများလာတာ တွေ့ရတယ်။ အရင်ရက်တွေကဆိုရင် Mask က နှာခေါင်း ပါးစပ် မအုပ်ဘူး။ မေးမှာပဲ တပ်ထားတာ။ ပြီးတော့ စစ်ကိုင်းက ကလေးနဲ့ မတူတာက အခုတွေ့တာက မြို့နဲ့ သီးခြားလို ဖြစ်နေတဲ့နေရာပေါ့။ လူတွေက အသွားအလာကတော့ သိပ်မပျက်ကြဘူး။ တွေ့တယ်ဆိုတော့ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမဲ့ လက်လုပ်လက်စားက များတော့ မဖြစ်မနေ ထွက်ရမယ့်သူတွေက များတော့ ဒီလိုပဲ သွားနေကြရတာပေါ့။ ညွှန်ကြားချက်တွေတော့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာပါ”လို့ စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောပါတယ်။ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ Facility Quarantine အရေအတွက် ၁၆၃၃ ခု၊ လူဦးရေ ၇၅၀၆ ယောက်ရှိပြီး စောင့်ကြည့်၊ သံသယလူနာ ၅၀ ဦး ရှိပါတယ်။

DVB TV News

စစ္ကိုင္းက ကိုဗစ္အတည္ျပဳ လူနာအမွတ္ ၁၄၅ အိႏၵိယက ျပန္ေခၚလာသူျဖစ္

စစ္ကိုင္းတိုင္းေဒသႀကီးရဲ့ ၇ ေယာက္ေျမာက္ ကိုဗစ္-၁၉ ကူးစက္ခံရသူ လူနာသစ္အမွတ္ ၁၄၅ ဟာ စင္းလုံးငွားေလယာဥ္နဲ႔ အိႏၵိယနိုင္ငံကေန ျပန္လာသူေတြထဲက ၁ ဦးျဖစ္တယ္လို႔ သိရပါတယ္။“သူက ေခ်ာက္ၿမိဳ႕ဇာတိပါ။ စစ္ကိုင္းတိုင္းက မဟုတ္ဘူး။ အိႏၵိယက ျပန္ေခၚတဲ့ထဲက တေယာက္ေပါ့။ သံဃာ၊ သီလရွင္ထဲက မဟုတ္ပါဘူး။ လူဝတ္ထဲကပါ။ အခုေတာ့ စစ္ကိုင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံကို ေရႊ႕ေနပါတယ္” လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး၊ ျပန္ၾကားေရး၊ သတင္းထုတ္ျပန္ေရးလုပ္ငန္းေကာ္မတီအဖြဲ႕ေခါင္းေဆာင္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမိုးေက်ာ္သူက ေျပာပါတယ္။

သီတဂူဆရာေတာ္ရဲ့ အကူအညီနဲ႔ အိႏၵိယနိုင္ငံ၊ ဗုဒၶဂါယာကေန ေလယာဥ္စင္းလုံးငွားနဲ႔ စာသင္သား ရဟန္းသံဃာ ၂၁၁ ပါး၊ သီလရွင္ ၅ ပါးနဲ႔ လူပုဂၢိဳလ္အမ်ိဳးသား ၁၉ ဦး၊ အမ်ိဳးသမီး ၂၂ ဦး စုစုေပါင္း ၂၅၇ ဦးတို႔ကို ဧၿပီလ ၂၂ ရက္ေန႔က ျပန္လည္ေခၚယူခဲ့တာပါ။ ျပန္လည္ေရာက္ရွိလာသူေတြကို စစ္ကိုင္းေတာင္ရိုး၊ အျပည္ျပည္ဆိုင္ရာ သီတဂူဝိပႆနာ အကယ္ဒမီေက်ာင္းမွာ Community Base Facility Quarantine အျဖစ္ ၂၁ ရက္ ထားရွိေနတာ ျဖစ္ပါတယ္။အိႏၵိယ ျပန္လာသူေတြကို စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္နိုင္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတခ်ိဳ႕လည္း သြားေရာက္ ၾကည့္ရႈခဲ့ၾကပါေသးတယ္။ အစိုးရအဖြဲ႕အေနနဲ႔ေတာ့ က်န္းမာေရးဌာနက ညႊန္ၾကားခ်က္အတိုင္း Social Distancing နဲ႔အညီ သြားေရာက္ၾကည့္ရႈခဲ့တာျဖစ္ၿပီး လတ္တေလာမွာေတာ့ Quarantine ဝင္ဖို႔၊ မဝင္ဖို႔ကိစၥကို က်န္းမာေရးဌာနနဲ႔ ညႇိႏွိုင္းေဆာင္ရြက္သြားမယ္လို႔လည္း လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမိုးေက်ာ္သူက ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ သိပ္ၿပီးထူးျခားမႈ မရွိဘူး။ အရင္နဲ႔စာရင္ေတာ့ ဒီမနက္မွာ Mask တပ္သူ ပိုမ်ားလာတာ ေတြ႕ရတယ္။ အရင္ရက္ေတြကဆိုရင္ Mask က ႏွာေခါင္း ပါးစပ္ မအုပ္ဘူး။ ေမးမွာပဲ တပ္ထားတာ။ ၿပီးေတာ့ စစ္ကိုင္းက ကေလးနဲ႔ မတူတာက အခုေတြ႕တာက ၿမိဳ႕နဲ႔ သီးျခားလို ျဖစ္ေနတဲ့ေနရာေပါ့။ လူေတြက အသြားအလာကေတာ့ သိပ္မပ်က္ၾကဘူး။ ေတြ႕တယ္ဆိုေတာ့ စိုးရိမ္မႈေတာ့ရွိတယ္။ ဒါေပမဲ့ လက္လုပ္လက္စားက မ်ားေတာ့ မျဖစ္မေန ထြက္ရမယ့္သူေတြက မ်ားေတာ့ ဒီလိုပဲ သြားေနၾကရတာေပါ့။ ညႊန္ၾကားခ်က္ေတြေတာ့ သက္ဆိုင္ရာေတြနဲ႔ ညႇိႏွိုင္းၿပီး လုပ္ေဆာင္သြားမွာပါ”လို႔ စစ္ကိုင္းၿမိဳ႕နယ္ တိုင္းေဒသႀကီး ကိုယ္စားလွယ္ ေဒၚစုျမတ္ထက္က ေျပာပါတယ္။ဧၿပီလ ၂၄ ရက္ေန႔က ထုတ္ျပန္တဲ့ ျပည္သူ႔က်န္းမာေရးဦးစီးဌာန စာရင္းေတြအရ စစ္ကိုင္းတိုင္းမွာ Facility Quarantine အေရအတြက္ ၁၆၃၃ ခု၊ လူဦးေရ ၇၅၀၆ ေယာက္ရွိၿပီး ေစာင့္ၾကည့္၊ သံသယလူနာ ၅၀ ဦး ရွိပါတယ္။

DVB TV News