အိမ်ဖော်မလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံ

0
252

ကျွန်မ_ရင်ဖွင့်ပါရစေ။ ကျမကနိုင်ငံခြားမှာအိမ်ဖော်လုပ်ပါတယ်။ တနေကုန်အလုပ်လုပ်ရပါတယ်။ ပင်ပန်းပါတယ် တခါတလေနှိပ်စက်ခံရပါတယ်။ တခါတလေ အဆဲအဆိုခံရပါတယ်။ အခန့်မသင့်ရင် အသက်ခံရနိုင်ပါတယ်။ မုဒိန်းကျင့်ခံရနိုင်တယ်…။ ဒါပေမယ့်ပိုက်ဆံရတယ်ရှင့် ကျမအိမ်ကိုငွေပို့နိုင်တယ်။

ကျမပင်ပန်းလည်း ကျမဆင်းရဲလည်း ကျမငိုကြွေးနေလည်း ကျမညည်းညူ နေလည်း ကျမအိမ်ကလူတွေထမင်းဝဝစားနိုင်တယ်။ အိပ်ရေးဝဝအိပ်နိုင်တယ်။ ညဘက်တီဗွီကြည့်ရင်းပန်ကာလေးနဲ့ အေးအေးလူလူ ကော်ဖီသောက်နေနိုင်တယ်။ ကျမကျေနပ်တယ်။

“သခင်မျိုးဟေ့တို့ဗမာ”ဆိုတဲ့ဆောင်ပုဒ် ကျမကြားဖူးတယ် ကျမပြုံးမိတယ်.. ကျမတို့ဘဝတွေအတွက်တော့ ခွေးသခင်ဖြစ်ဖို့တောင် ခွေးစာမတတ်နိုင်လို့မမွေးနိုင်ဘူးလေ…။ ထားပါ.. ဆောင်ပုဒ်တွေအောက်မှာ ကျမအငတ်မခံနိုင်ဘူး ကျမမိသားစုကိုလည်း အငတ်မထားနိုင်ဘူး ဒါပေမယ့် ကျမဒီဆောင်ပုဒ်လေးကို အရမ်းပင်ပန်းလာတဲ့နေ့တွေမှာ နှုတ်ကတိုးတိုးလေးရွတ်ဆိုနေတုန်းပဲ။

“ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ” တဲ့ သိပ်မှန်တယ်ရှင့် ကျမတို့နိုင်ငံမှာအပေါဆုံးထုတ်ကုန်ကလူပဲ ကမ႓ာတလွှားရောက်နေတဲ့ကျမတို့လူမျိုးတွေ သန်းနဲ့ချီရှိတယ် ကြုံရာကျပန်းလုပ်နေကြရတာ တချို့လည်းငွေစုမိတယ် တချို့လည်းအသတ်ခံရတယ် တချို့လည်းဘဝတွေပျက်ကြတယ် တချို့လည်းအဆင်ပြေကြတယ်။

“သယံဇာတပေါတဲ့ဒို့ရဲ့တိုင်းပြည်”တဲ့ ကျမပြုံးမိတယ် ကျမတို့ဒေသမှာ တောတွေတောင်တွေ တွင်းတွေမှ အများကြီး ဒါတွေကျမတို့မပိုင်ဘူး ကျမတို့နဲ့မဆိုင်ဘူး လူမျိုးခြားတွေနဲ့သာဆိုင်တယ် “တို့မြေကိုတစ်လက်မအထိမခံ”ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ လက်မလောက်ကိုလာမပြောနဲ့ မိုင်လိုက်ခြံစည်းရိုးခတ်ကြပြီး လုံခြုံရေးပါချပေးထားတာ ကျမတို့ဒေသမှာရှိတဲ့အရာတွေနဲ့ ကျမတို့အေးအေးဆေးဆေး ထိုင်စားလို့ရပါလျက်နဲ့ကျမတို့ငတ်နေရတယ် မတတ်နိုင်ဘူးလေ “ပြည်ပအားကိုးပုဆိန်ရိုး”ဆိုပေမယ့် အားကိုးစရာ ရောင်းစရာ ဆိုလို့ ပြည်ပပဲရှိတာကိုး… ပြည်တွင်းမှာအားကိုးစရာဆိုတာလည်း သူတို့တသိုက်ပဲရှိတာဆိုတော့…..

ဆိုတော့ပေါ့လေ… ကျမတို့ဒေသကနေ အိမ်ဖော်ထွက်လုပ်ကြတဲ့ အလုပ်ကြမ်းထွက်လုပ်ကြတဲ့သူတွေ ထောင်နဲ့ချီရှိတယ်ရှင့် အချိန်တန်အိမ်ကိုငွေပို့ကြတယ် အဲဒီငွေနဲ့ကျမတို့ဒေသအဆင်ပြေကြတယ် ဘာတဲ့ “ပြည့်အင်အားသည်ပြည်တွင်းမှာသာရှိသည်”တဲ့ ကျမတို့ရွာမှာကလေးငယ်တွေနဲ့ အဖိုးအဖွားတွေပဲကျန်ခဲ့တယ်

“လူ့စွမ်းအားအရင်းအမြစ်”တဲ့ကြားဖူးတယ် လုပ်နိုင်ကိုင်နိုင် တွေးနိုင်ခေါ်နိုင်တဲ့ အရွယ်ကောင်းတွေအကုန်အပြင်မှာ ကျန်ခဲ့တဲ့လူတွေကလည်း သင်ထားတဲ့ပညာရပ်တွေကို ထပ်မံလေ့လာပြီး အပြင်ထွက်ဖို့ပြင်နေကြတာဒုနဲ့ဒေး “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး” ကိုဘယ်လိုတည်ဆောက်ကြမလဲရှင့် ဒီ အဖိုးအဖွားတွေ လူမမည်ကလေးတွေနဲ့။ ရွာလုံးကျွတ်ထိုင်းမှာအလုပ်သွားလုပ်ကြတယ် ရွာကိုပိုက်ဆံပြန်ပို့ပြီး ရွာလုံးကျွတ်ပဲ ထိုင်းကပစ္စည်းတွေ ပြန်ဝယ်သုံးကြတယ် “ဝင်ငွေလည်ပတ်စီးဆင်းမှု”တဲ့ သင်ဖူးတယ် ဘယ်ကရပြီး ဘယ်ကို ပြန်လည်ပတ်မှာလဲရှင့်..

ကျမလား .. ကျမ ဘွဲ့ရတယ်ရှင့် “ပညာရေးဝေးသည်မရှိ”ဆိုတဲ့ ဆောင်ပုဒ်အောက်မှာအဝေးသင်ဘွဲ့ရခဲ့ပါတယ် ကျမတို့လူမျိုးတွေရဲ့ထုံးစံအတိုင်းဘွဲ့ယူပြီး မိဘကျေးဇူးကျမဆပ်ခဲ့ပါတယ် ဘွဲ့ဓာတ်ပုံလား ရှိတယ်ရှင့် အိမ်မှာချိတ်ထားတယ် ကျမလား မရှက်ဖူးရှင့် ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့ရတွေတောင် ဒီမှာအလုပ်မျိုးစုံလုပ်နေကြတာပါ “ပညာရေးဆိုတာပြန်မရတဲ့ရင်းနှီးမြှ ုပ်နှံမှု”ပေါ့ သင်ပေးလိုက်ပြီး အကုန်အပြင်ထွက်ကြတာ သူပြောတာလည်းမှန်ပါတယ်။

ကျမလား အမျိုးချစ်တာပေါ့ရှင် ကျမလူမျိုး ကျမဘာသာကိုချစ်တာပေါ့ ကျမခံယူထားတဲ့မျိုးချစ်စိတ်က ကျမလူမျိုးတွေငတ်နေတာကိုကျွေးချင်တယ် ကျမလူမျိုးတွေ ပညာမတတ်ကြတာကို ပညာသင်ပေးချင်တယ် မတရားမှုပေါင်းစုံကိုခါးစည်းခံနေရတာကို ကယ်တင်ပေးချင်တယ် အဲ့အတွက်ကျမအလုပ်လုပ်တယ် မျိုးချစ်ဘာသာချစ်ဆိုပြီး သူများလူမျိုး သူများဘာသာကို အလကားနေအော်ဆဲနေမယ့်အစား ကျမ ကျွန်သွားခံလိုက်တယ် ပိုက်ဆံရမှကျမမိသားစုအဆင်ပြေမယ်လေ ကျမမိသားစုအဆင်ပြေမှ ကျမလူမျိုးကိုထောက်ပံ့လို့ရမယ် ဒါကျမခံယူချက်ပဲ

“မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ဆောင်ပုဒ်အောက်မှာ အမျိုးတွေအကုန်လုံးဘီလီယံနဲ့ချီ ချမ်းသာသွားကြတာဘယ်သူတွေလဲ ကျမလား နိုင်ငံရေးတွေဘာတွေသိပ်မသိဘူးရှင့် သယံဇာတတွေကာကွယ်ပေးနေတယ်ပြောပြီး ရောင်းရောင်းစားသွားတာဘယ်သူတွေလည်း သိချင်တာ ရောင်းရတဲ့ဟာတွေဘယ်သူတွေရပြီး ဘာတွေလုပ်ကြလည်းသိချင်တာ အမျိုးဘာသာသာသနာလို့ ဖင်ကုန်းအော်နေကြပြီး တပြည်လုံးကတရားဝင်ခွင့်ပြုချက်နဲ့ဆောက်ထားတဲ့ဘာသာခြားအဆောက်အအုံတွေကို ဘယ်သူခွင့်ပြုခဲ့တာလဲ

လူမျိုးခြားဘာသာခြား ထိပ်ပိုင်းအချင်းချင်းတွေနဲ့တော့ သူတို့ချင်း လက်ဝါးရိုက်ပေါင်းစားနေပြီး အောက်ခြေမှာသတ်ဖြတ်နေကြတာ ဘာ့ကြောင့်လဲ ငြိမ်းချမ်းရေးဆိုတဲ့ ဆောင်ပုဒ်အမျိုးမျိုးတွေအောက်မှာ ကျမတသက်မက တိုက်လို့ခိုက်လို့မပြီးနိုင်ကြတာ ဘာ့ကြောင့်လဲ ကြောက်စရာကောင်းလောက်အောင် မတရားချမ်းသာနေတဲ့လူတစ်စုက ဘယ်လိုချမ်းသာလာတာလဲ အပေါ်မှာကျမပြောထားတဲ့ သုံးစားလို့မရတဲ့ဆောင်ပုဒ်တွေကို ဘယ်သူရေးခဲ့တာလဲ ဒါလေးပါဘဲ ပြောရရင်တော့အများကြီးပေါ့ရှင်…….လောလောဆယ်တော့ ကျမအမေနေမကောင်းဘူးတဲ့ “စားရိတ်မျှပေးကျန်းမာရေး”ဆိုတဲ့ဆေးရုံမှာ ဆေးထိုးအပ်မရှိ ဂွမ်းမရှိလို့ မြို့ပေါ်ထိတက်ကုရမှာ ကျမပိုက်ဆံပို့ရဦးမယ် ဒါကြောင့် ကျမ အလုပ်လုပ်လိုက်ဦးမယ်…..။

Credit: