ကိုဗစ်ရဲ့ ဖျက်ဆီးခံရသော ဘဝနွမ်းတဲ့ အလှပန်း တချို့

0
189

ကိုဗစ်ဖျက်ဆီးခံရသော ဘဝနွမ်းတချို့

ရန်ကုန်မြို့ရဲ့ ပူပြင်းတဲ့နေရောင်အောက် ၊ ကတ္ကရာလမ်းမပေါ်မှာ အပူငွေ့တွေက အခိုးတွေ ထနေသလို တံလျှပ်ထနေတယ်။ ပါရမီလမ်းမကြီးရဲ့ ဘေးသစ်ပင်အရိပ်တွေ အောက်မှာ အမျိုးသမီးငယ် ၁၀ ဦးထက်မနည်း ၊ ၃ ဦး တစ်ဖွဲ့စီ သစ်ပင် အရိပ်တွေခိုနေကြပြီး သူတို့မျက်လုံးတွေက ဖြတ်သန်းသွားတဲ့ ကားတွေဆီကို တစ်စီးပြီး တစ်စီး ကြည့်ကာ မျက်လုံးကစားနေကြပါတယ်။

သိပ်မကြာခင်မှာ ငွေရောင် Toyota Belta ကားလေးတစ်စီး အချက်ပြ ဆိုက်ကပ်လာပြီး အမျိုးသမီးတစ်ဦးက ကားပြတင်းပေါက်ကနေ ကားမောင်းသူနဲ့ ၃ မိနစ်လောက် စကားပြောဆိုနေကြတယ်။ သိပ်မကြာခင်မှာပဲ အမျိုးသမီးငယ် ၁ ဦး ကားပေါ်တက်သွားပြီး ကားကလည်း အမျိုးသမီးငယ်ကို တင်ဆောင် ထွက်ခွာသွားပါတယ်။

“ဒီအလုပ်ကို လုပ်တာ တကယ့်ကို ရက်ပိုင်းပဲရှိပါသေးတယ်။ အိမ်ထောင်ကျခဲ့တယ်။ အမျိုးသားက ဆုံးသွားပါပြီ။ သမီးလေး ရှိပါတယ်။ ရွှေပြည်သာစက်မှုဇုန် စက်ရုံတစ်ခုမှာ လုပ်နေတာ သင်္ကြန်မတိုင်မီက စက်ရုံက နားသွားပါတယ်။ အဓိက ကိုဗစ်ကပ်ရောဂါကြောင့် ရပ်သွားတာ။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာလည်း သေသေချာချာ မသိဘူး။ အိမ်ငှားစရိတ်၊ ကလေးစရိတ်၊ ကိုယ့်ကို မှီခိုနေတဲ့ အမေ ရှိတော့ ဝင်ငွေမရှိရင် ဘယ်လိုမှ မရပ်တည်နိုင်ပါဘူး။ ဒါနဲ့ ဒီအလုပ်ကို အချိတ်အဆက်ရပြီး လုပ်ဖြစ်တာ။ ကိုယ်နဲ့အတူ ဘဝတူ ၇ ဦးလောက်ပါတယ်” လို့ ရှင်းပြနေသူက ပါရမီလမ်းမဘေး အရိပ်ခိုနေတဲ့ အမျိုးသမီးတွေထဲက တစ်ဦးပါ။

သူ့အသက် ၂၇ နှစ်လောက်ရှိပြီး စကားပြောနေတဲ့ အချိန်မှာ အနည်းငယ်လည်း ကြောက်ရွံ့နေပုံပါပဲ။ မေးမြန်းသူကို ရဲမဟုတ်ပါဘူးနော် လို့ မကြာခဏလည်း မေးမြန်းပါသေးတယ်။ သူက ရွှေပြည်သာမြို့နယ်က လာတာပါ။ စက်ရုံ၊ အလုပ်ရုံတွေ နားသွားတဲ့အချိန် အလုပ်ပြုတ်သွားရာက ရွေးချယ်စရာမရှိလို့ ဒီပြည့်တန်ဆာလုပ်ငန်းခွင်ထဲ ရောက်ရှိလာပုံကို သေချာရှင်းပြနေတာပါ။ သူနဲ့ ဘဝတူ အမျိုးသမီးတွေလည်း ရှိနေတယ်ဆိုတာ သူက အခိုင်အမာပြောဆိုနေတာပါ။

“အချိတ်အဆက်ဆိုတာက အရင်ကတည်းက ဒီအလုပ်ကို လုပ်နေတဲ့သူပါ။ နှစ်မျိုးပေါ့။ ဒီရက်ပိုင်းမှာ အလုပ်ဝင်သူနဲ့ အရင်ကတည်းက လုပ်နေတဲ့သူ တွေပေါ့။ စက်ရုံတွေဘက်မှာ အလုပ်မရှိလို့ ရက်ပိုင်းအတွင်း ဒီအလုပ်လာဝင်တဲ့သူတွေက သိသလောက်ပေါ့နော် ကျမတို့အတူတူထဲမှာဆိုရင် အိမ်ထောင်သည်တွေ ပါသလို၊ တစ်ခုလပ် ၊ မုဆိုးမ အဲလိုမျိုးတွေက များပါတယ်။ ငယ်ငယ်ရွယ်ရွယ် အပျိုမျိုးကတော့ သိပ်မပါဘူး။ ရွေးချယ်စရာမရှိတော့ ဒါပဲ လုပ်ရမယ့် အခြေအနေမျိုးရောက်လာတာပါ။ စားဝတ်နေရေးပါ။ ဒီကာလမှာ စားဝတ်နေရေးပဲ”လို့ သူက ဆက်ပြောပါတယ်။

ပါရမီလမ်းမပေါ်မှာ ယခင်ကတည်းက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ ခေါင်းတွေ ရှိနေပြီး သူတို့ကတော့ ခေါင်းတွေနဲ့ မချိတ်ဆက်ဘဲ ကိုယ့်ဟာကိုယ် အစုအဖွဲ့နဲ့ ဧည့်သည်ရှာတာမို့ ရဲဖမ်းခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

ပုံမှန် အလုပ်လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာ ခေါင်းတွေကတော့ ပြည့်တန်ဆာ အမျိုးသမီးတွေအတွက် တက္ကစီတစ်စီးဘေးမှာရပ်ထားလို့ အချိန်မရွေး အဖမ်းအဆီး ဝင်လာရင် ပြေးနိုင်အောင် စီမံထားပေးနိုင်ကြပေမယ့် သူတို့မှာတော့ အဲဒီလို မစီမံနိုင်ဘူးလို့ ဆိုပါတယ်။

“ညဆိုရင်လည်း ကာဖျူးက ရှိနေတယ်။ ၁၀ နာရီကနေ နံနက် ၄ နာရီ ညမထွက်ရရှိတာရယ်၊ ည ၇ နာရီကျော်ရင် ကားမရှိတော့ဘူး။ အဲဒီတော့ မနက် ၁၁ လောက်ဆိုရင် ဒီကို ရောက်တယ်။ ညနေ ၆ နာရီလောက်ဆိုရင် ပြန်တယ်။ ဒီလိုအချိန်က ကားအသွားအလာ နည်းနည်းကျဲတော့ ဒီလို အုပ်စုလိုက်ကြီး နေ့ဘက်ကြီးမြင်ရတာ တစ်မျိုးတော့ ဖြစ်တယ်။ ဒါပေမယ့်လည်း ညဘက်က ဘယ်လိုမှ အဆင်မပြေဘူး” လို့ သူမက ဆက်ပြောပါတယ်။

ဧည့်သည်ရောက်လာတဲ့အခါ ပုံမှန်စျေး ၁ ကြိမ် လိင်ဆက်ဆံမှုပြုပြင်ရင် ၂ သောင်း၊ ၁ နာရီ (တစ်ဆက်ရှင်) ၃ သောင်း သတ်မှတ်ထားပေမယ့် ကိုဗစ်ကာလမှာ ဧည့်သည်ပါးလွန်းတာမို့ လာချိတ်ဆက်တဲ့ ဧည့်သည် မလွတ်အောင် ညှိနှိုင်းစျေးနဲ့ အလုပ်ဖြစ်အောင် အဓိက လုပ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေတစ်ရက်ကို နားပြီး တနင်္လာကနေ စနေအထိ ၆ ရက်လုံးလုံး အလုပ်လုပ်ပေမယ့်လည်း ရတဲ့ဝင်ငွေကလည်း ပုံမှန်မရှိဘူးလို့ ဆိုပါတယ်။

“အပြင်ထွက်သူ အရမ်းနည်းတယ်။ ကားသမားတွေ လာကြတာများတယ်။ ပုံမှန်တော့ ဝင်ငွေက မရှိဘူး။ တချို့ရက်တွေဆိုရင် ညနေသာ စောင်းသွားတယ်။ ဧည့်သည် မရဘူး။ တချို့ရက်တွေဆိုရင်တော့ ၃ သောင်းနဲ့ ၅ သောင်းကြားရတယ်။ ပုံမှန်မရှိဘူး။ ရတဲ့ရက်တွေက ငွေကို စုထားပြီး မရတဲ့ရက်တွေမှာ သုံးရတာ။ အပြင်ထွက်ရင်လည်း စရိတ်က အကုန်အကျများတယ်” လို့ သူမက ဆိုပါတယ်။

လာရောက် ပျော်ပါးတဲ့ ဧည့်သည်တွေဆီက ကိုဗစ်ကူးစက်မှာကို စိုးရိမ်လို့ Mask ၊ လက်ဆေးရည် တွေ ဆောင်ပြီး မကြာခဏ လက်ဆေးတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် တချို့ ဧည့်သည်တွေက Mask ကို အတင်းဖြုတ်ခိုင်းတဲ့အခါလည်း ဖြုတ်ပေးရတယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောက်ပေမယ့် ဧည့်သည်တောင်းဆိုမှုကို ငြင်းပယ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

“ဧည့်သည်အများစုက Mask ဖြုတ်ခိုင်းတယ်။ ကိုယ်က မဖြုတ်ချင်ဘူး။ ဧည့်သည် ၁၀ ဦးမှာ ၈ ဦးက Mask ဖြုတ်ခိုင်းတယ်။ တချို့ကလည်း သိတဲ့အတိုင်းပဲ….သူတို့ လုပ်ခိုင်းချင်တာအတွက် Mask ဖြုတ်ထားမှ အဆင်ပြေတာဆိုတော့ ဖြုတ်ရတာပဲ” လို့ သူမက ဆိုပါတယ်။

ရွှေပြည်သာစက်မှုဇုန်က အလုပ်နားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဒီအလုပ်ကို လုပ်ဖြစ်တာမို့ မိသားစုဘက်ကတော့ အခြားအလုပ် ပြောင်းလုပ်နေတယ်လို့ သိထားပြီး ဒီအလုပ်ကို လုပ်နေတာ အသိမပေး၊ အသိမခံဘူးလို့ သူမက ဆက်လက်ပြောပါတယ်။

ရွှေပြည်သာ စက်မှုဇုန်မှာ အလုပ်လုပ်တုန်းကတော့ အခြေခံလစာအပါ အချိန်ပိုကြေးအပါ တစ်လကို ၂ သိန်း ၄ သောင်းလောက်ရရှိတယ်လို့ ဆိုပါတယ်။ အခုအလုပ်ကတော့ ရက်ပိုင်းအတွင်း သိန်းချီ ရနိုင်ပေမယ့်လည်း ရေရှည်လုပ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ သူက ဆိုပါတယ်။

“ကိုယ်လည်း မဖြစ်မနေမို့လို့သာ လုပ်တာပါ။ ဒီအလုပ်ကြီးကို ရေရှည်လည်းမလုပ်ပါဘူး။ ကိုဗစ်ကြီးပြီးလို့ အလုပ်ရုံ စက်ရုံတွေ အလုပ်သမားတွေ ပြန်ခေါ်ရင် အလုပ်ပြန်လျှောက်မှာပါ။ အခုက အခိုက်အတန့် သဘောမျိုးပဲ။ ကိုယ့်သမီးလေးလည်းရှိသေးတယ်။ ဒါကြီးကိုတော့ ရေရှည် မလုပ်ဘူး။ ငွေရပေမယ့် နောက်ကျောမလုံဘူး။ လမ်းမပေါ်မှာ ရပ်နေတိုင်း ဘယ်အချိန်မှာ အဖမ်းခံရမလဲ ဒါလည်း စိတ်ပူနေတယ်။ တစ်ခါတစ်လေ သူ့ဟာသူ ဖြတ်သွားတဲ့ ရဲကားမြင်ရင်တောင် ခြေတွေ လက်တွေ တုန်တယ်။ ကိုယ်အဖမ်းခံရရင် ကျန်ခဲ့မယ့် အမေနဲ့ သမီး ဘယ်လိုနေမလဲဆိုတာ တွေးပြီး အဖမ်းခံရမှာ ကြောက်တယ်” လို့ သူမက ဆိုပါတယ်။

ကိုဗစ်ကာလမှာ ရပ်နားသွားတဲ့ စက်ရုံ၊ အလုပ်ရုံတွေ မြောက်မြားစွာရှိနေပြီး အလုပ်ရပ်နားနေရတဲ့ အလုပ်သမားအရေအတွက်ဟာလည်း သောင်းချီ ရှိနေပါတယ်။

ပါရမီလမ်းမကြီးဘေး သစ်ပင်ရိပ်အောက်မှာတော့ ညနေ ၄ နာရီထိုးလာချိန်မှာတော့ တချို့ အမျိုးသမီးတွေ မရှိတော့ဘဲ တချို့ အမျိုးသမီးတွေကတော့ ဖုန်းလေးတွေ ပွတ်ရင်း၊ တချို့ အမျိုးသမီးတွေကတော့ လမ်းမပေါ်က ကားတွေကို ငေးကြည့်ရင်း ဧည့်သည်မျှော်နေကြဆဲပါ……….။

Photo Credit – ကိုထွေး

LEAVE A REPLY

Please enter your comment!
Please enter your name here