အညာစာစစ်စစ် ထန်းသီးချက်နည်း

0
186

အညာစာစစ်စစ်လေးပေါ့။ ထန်းသီးချက်ရာမှာ ထန်းသီးကို မနုလွန်းမရင့်လွန်းတာကို ရွေးရပါတယ်တဲ့။

Nကတော့ ဒီရက်ပိုင်း ထန်းသီးဆံကို အမျိုးမျိုးချက်ဖြစ်ပါတယ်။ ဝန်ထမ်းကလေးတွေက ကြိုက်တာမို့ ရာသီစာလေးကို အမျိုးမျိုးချက်ကျွေးဖြစ်တယ်။

မန်ကျည်းရွက်ထန်းသီးဆံချက်

ထန်းသီးဆံနုနုလေးတွေကို အရင်ဆုံးအဆံထုတ်ထားပါနော်။

အရင်ဆုံး ကြက်သွန်နီ/ဖြူ ဆီသတ်။ ငပိလေး ပါတယ်ဆိုရုံ မဆိုသလောက်လေးထည့်။ ပြီး ထန်းသီးထည့်။

အရသာထည့်။ မန်ကျည်းရွက်ထည့်။ Nကတော့ အချဉ်ဘက်ကဲအောင် မန်ကျည်းရွက်များများထည့်ပါတယ်။

ငရုတ်သီးကြမ်းဖတ်လေး နည်းနည်းထည့်သလို အစပ်စားချင်တာကြောင့် ငရုတ်သီးစိမ်းကိုလည်း လေးစိတ်ကွဲထောင်းပြီး ထည့်ပါတယ်။

ထန်းသီးအစိမ်းနံ့ပျောက်ပြီး ဆီပြန်လာပြီအိစက်နေပြီဆိုရင်တော့ ချလို့ရပါပြီ။ တချို့ကျ မဆလာလေးအုပ်သတဲ့။

ထမင်းနဲ့စားတာထက် ဒီအတိုင်း ထိုင်စားရတာပိုကြိုက်တယ်။ ကလေးတွေကတော့ ကြိုက်ကြသလား မမေးနဲ့။

ချဉ်ပေါင်ရွက်ထန်းသီးချက်

မန်ကျည်းရွက်နဲ့ထန်းသီးဆံချက်သလိုပါပဲ။ အဲ့နေ့က မန်ကျည်းရွက်ကုန်နေလို့ မန်ကျည်းရွက်အစားချဉ်ပေါင်ရွက်သုံးလိုက်တာပ။

ချကာနီးကျ ပျဉ်းတော်သိမ်ရွက်ကလေးအုပ်လိုက်တာပေါ့။ Nကတော့ ချဉ်ပေါင်ရွက်နဲ့ချက်တာကို ပိုကြိုက်ပါတယ်။

နောက်တမျိုးက

ဩဇာရွက်နဲ့လည်း ချက်စားကြသတဲ့။ ထန်းသီးက အချိုမို့ ဩဇာရွက်နဲ့ကျ အချိုဟင်းဖြစ်နေမှာမို့ချက်ကြည့်ဖို့ မကြိုးစားမိပါဘူး။

မန်ကျည်းရွက်/ချဉ်ပေါင်ရွက်နေရာ ဩဇာရွက်ခပ်ပြီး ချက်တာပါ။

နောက်ထပ်တမျိုးကကျ

ထန်းသီးချဉ်ကြော်

ထန်းသီးချဉ်ကြော်ဖို့အတွက် ထန်းသီးဆံနုနုလေးတွေကို ကောက်ညှင်းဆန်နဲ့ ၁-ည သို့မဟုတ် ၁-ရက်စိမ်ရပါတယ်။

တချို့ကကျ ညစိမ်ထားပြီး မနက်ကျကြော်ပါတယ်။ တချို့ကျ ကိုယ်စပြီးအချဉ်စိမ်တဲ့အချိန်ကနေပြီး နောက်နေ့ အဲ့အချိန်ရောက်မှကြော်ပါတယ်။

ကောက်ညှင်းဆန်နဲ့စိမ်ထားပြီး အချဉ်နံ့ထွက်လာတဲ့ထန်းသီးချဉ်ကို ကြော်ဖို့အတွက် ကြက်သွန်နီ/ဖြူကို ဆီသတ်ပါတယ်။ နနွင်းမှုန့်ထည့်ပါတယ်။

ဆီသတ်တဲ့အခါမှာ ငပိအနည်းငယ်ထည့်ပြီး ဆီသတ်ပါတယ်။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ငရုတ်သီးစိမ်းမှုန့်(အရောင်တင်/အနုမှုန့်) ထည့်ပါတယ်။

ပြီးရင် အချဉ်စိမ်ထားတဲ့ ထန်းသီးချဉ်ကို ထည့်ပါတယ်။ အဲဒီနောက် အရသာထည့်ပါတယ်။

ကောက်ညှင်းဆန်ပါတာမို့ အချိန်ပေးရပါတယ်။ မပြတ်မွှေပေးနေရပါတယ်။ မဟုတ်ရင် ကပ်သွားတာမို့ပါ။

ကောက်ညှင်းဆန်ကျက်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလို့ရပါပြီ။ သုံးဆောင်လို့ရပါပြီ။

အစပ်ကြိုက်နှစ်သက်ပါက မချခင်မှာ ငရုတ်ကြမ်းမှုန့် သို့ ငရုတ်သီးစိမ်းထည့်ပြီး ခဏမွှေပေးပါ။

ပြီးရင် အရသာ အပေါ့အငံမြည်းပြီး စိတ်တိုင်းကျပြီဆိုရင် မီးဖိုပေါ်ကချပြီး သုံးဆောင်လို့ရပါပြီ။

သူ့အရသာ သူ့ပုံစံက ဘာနဲ့ဆင်လည်းဆိုရင် Nတို့ ပုဂံညောင်ဦးဘက်က မြင်းကပါရွာဘုရားပွဲမှာကျွေးတဲ့ ငါးချဉ်နဲ့ အရသာဆင်ပါတယ်။

ထန်းသီးချဉ်ကြော်လေးကို ထမင်းနဲ့စားတာထက် သူ့ချည်းသက်သက်ကို ငါးခြောက်ဖုတ် ငါးကြော် အမဲခြောက်ဖုတ် စတာတွေနဲ့တွဲဖက်စားရင် ပိုပြီး လိုက်ဖက်တယ်လို့ထင်မိ။

လေးစားစွာဖြင့် ခရက်ဒစ် Nway Nway