မြန်မာပြည်မှာ ကိုရိုနာ ပြဿနာကြီးက အချိန်တစ်ခုကို စောင့်နေပြီ

0
849

မြန်မာပြည်မှာ ကိုရိုနာ ပြဿနာကြီးက အချိန်တစ်ခုကို စောင့်နေပြီ

လူတွေ မဖြေရှင်းနိုင်တဲ့ တစ်ချို့သော ပြသနာတွေက အချိန်ဆိုတဲ့ အရာတစ်ခုက ကူညီပြီးဖြေရှင်းပေးကြတယ်..။

ဘယ်လောက်ပဲ ပြဿနာကြီးကြီး အချိန်ဆိုတဲ့ ကာလတစ်ခုကို ကျော်ဖြတ်သွားပြီးတဲ့ နောက်ပိုင်းမှာ အဲ့ဒီပြဿနာဆိုတဲ့ အရာကြီးက ဟိုအရင်က ဆိုတဲ့ အတိတ်ကာလတစ်ခုဆီသို့ ကျန်ခဲ့လေတယ်။

တစ်ခါတစ်လေမှာကျတော့လည်း ပြဿနာဆိုတဲ့ အရာကြီးက အဲ့ဒီအချိန်ဆိုတာကို အသုံးချပြီး လူတွေဆီကို ရောက်လာဖို့ တံခါးဝမှာ စောင့်နေတယ်။

လက်ရှိ ကမ္ဘာမှာရော မြန်မာပြည်မှာပါ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ပြဿနာက ဒီနည်းကို ကျိန်းသေ အသုံးချနေတယ်။ မြန်မာပြည်မှာ သူကျင်လည်ဖို့ အချိန်တစ်ခုကို သူစောင့်နေပြီ။

သူမြန်မာပြည်ကို အထင်သေးခဲ့တယ်။ ဒါ့ကြောင့် သူမြန်မာပြည် တံခါးကို နောက်ကျမှ တွန်းဖွင့်ဝင်လာတယ်။ မြန်မာပြည်ကို အထင်သေးခဲ့တဲ့ ကိုရိုနာ သူမှားခဲ့တယ်။ သူထင်ထားတဲ့အတိုင်း စိတ်တိုင်းကျ ကျင်လည်ခွင့်မရခဲ့ဘူး။ မရသေးဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။

ကျွန်တော်တို့ မြန်မာပြည်က နိုင်ငံ့ခေါင်းဆောင်တွေကြိုးစားအားထုတ်ပြင်ဆင်မှုတွေအတွက် အချိန်များများရခဲ့ကြတယ်။ တကယ်လည်း ပြည်သူတွေအတွက် ကြိုးစားပေးနေခဲ့ကြတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြန့်ပွားမှု နည်းပါးစေနိုင်တဲ့ လိုက်နာဆောင်ရွက်ရမည့် သတိပေးနှိုးဆော်ချက်တွေကိုလည်း မီဒီယာအများစုနှင့် အတူ အနုပညာရှင်တွေ၊ ပြည်သူတွေ အချင်းချင်း မျှဝေပေးမှုတွေ အားကောင်းသလို ပြည်သူအများစုကလည်း လိုက်နာမှု အားကောင်းကြတယ်။

အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ပြောရမယ်ဆိုရင် မြန်ပြည်သူပြည်သားအများစု “သတိ” အားကောင်းကြတယ်။ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်နှုန်းက အခြားနိုင်ငံတွေမှာလို အချိန်တိုတို အတွင်းမှာ မြင့်တက်မလာနိုင်ဘူးဖြစ်နေတယ်။ ဒါဟာ လက်ရှိအချိန်အထိ မြန်မာပြည်သူအများစုမှာရှိနေတဲ့ “သတိ” အားကောင်းမှုကြောင့်ပဲလို့ စာရေးသူ ကျိန်းသေပြောလိုက်ပါရစေ။

လက်ရှိအချိန်မှာ မြန်မာပြည်သူပြည်သားတိုင်းရဲ့ “သတိ” ရှိမှုတွေ နည်းပါးမသွားဖို့ သိပ်ကို အရေးကြီးပါတယ်။ တစ်နေ့ထက် တစ်နေ့ ကျန်းမာရေးဝန်ကြီးဌာနမှ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးလို့ ထွက်ပေါ်လာတဲ့ အဖြေတွေမှာ ပိုးတွေ့လူနာ အရေအတွက် တက်လာမယ်၊ ကျလာမယ်၊ ပုံမှန်ဖြစ်လာနေမယ်။ ဒါတွေကို နေ့စဉ်လိုလိုကြားနေရတဲ့အခါမှာ သိပ်ပြီး မထူးဆန်းတော့သလိုမျိုး စိတ်က ထင်လာနိုင်ပါတယ်။

မြန်မာပြည်မှာ ပိုးတွေ့လူနာ တစ်ဦး စတင်တွေ့ရှိစဉ်အချိန်ရဲ့ နောက်ပိုင်းမှာ ထားရှိတဲ့ “သတိ”နဲ့ ပိုးတွေ့လူနာတစ်ဦး ထပ်တိုးလာလို့ ပိုးတွေ့လူနာ (၇၀) ကနေ (၇၁)ဦး ဖြစ်ပေါ်လာတဲ့ အချိန်ရဲ့ နောက်ပိုင်းထားရှိတဲ့ “သတိ” တွေက မတူညီနိုင်ဖို့ များပါတယ်။ ဒီလိုမတူညီလို့ လုံးဝမရပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ပြသနာကြီးက အပေါ်မှာ ပြောခဲ့သလို အချိန်အတိုင်းအတာ တစ်ခုကို စောင့်ပြီး မြန်မာပြည်ကို တိုက်ခိုက်ဖို့ ကြိုးစားနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ပြသနာကြီး စောင့်နေတဲ့ အချိန်ဆိုတာ ဘယ်လိုအချိန်မျိုးကို ပြောတာလဲဆိုရင်။

မြန်မာပြည်မှာ ရောဂါကူးစက်မှု စဝင်လာတယ်။ စဝင်ဝင်ချင်းမှာ မြန်မာပြည်သူတစ်ရပ်လုံး သတိအားကောင်းကြတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြန့်ပွားမှု နည်းပါးနိုင်စေတဲ့ လိုက်နာဆောင်ရွက်ရမည့် သတိပေးနှိုးဆော်ချက်တွေကို အထူးသတိထား လိုက်နာကြတယ်။ အချိန်ကြာလာတဲ့ အခါ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ အရေအတွက်နှုန်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာခြင်းမရှိပဲ ပုံမှန်ဖြစ်နေတဲ့ အခါ၊ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့ရှိသူ ဦးရေ၊ ကျဆင်းလာတဲ့အခါ၊ သိပ်ပြီး မထူးဆန်းတော့တဲ့ နေ့စဉ်ပုံမှန် သတင်းတစ်ခုလိုဖြစ်လာပြီး မြန်မာပြည်မှာ ရောဂါကူးစက်မှု စဝင်လာတဲ့ အချိန်ကလိုမျိုး “သတိ” မထားကြတော့မယ့်အချိန်ပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ပြသနာကြီး ဒီအချိန်ကို စောင့်နေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ တိုးပွားလာတဲ့ သတင်းကို နေ့စဉ်ပုံမှန်သတင်းတစ်ခုဟု ယူဆလာတဲ့အခါ အကြောက်တရားတွေလျော့နည်းလာမယ်။ စည်းကမ်းလိုက်နာမှုတွေ လျော့နည်းလာမယ်။ “သတိ” ထားရှိမှုတွေ လျော့နည်းလာမယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့ အခါ Stay Home ဆိုတဲ့ အချိန်ကိုလည်း ငြီးငွေ့လာမယ်။ နောက်ဆုံးမှာ ပုံမှန်သွားလာနေထိုင်မှုတွေ နီးပါးဖြစ်ပေါ်လာကြလိမ့်မယ်။ ဒီလိုဖြစ်ပေါ်လာပြီဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြန့်ပွားမှု ကို တောင့်မခံနိုင်ကြတော့ပဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါပြဿနာကြီး စောင့်ဆိိုင်းနေတဲ့ အချိန်ကာလ တစ်ခုကို ရောက်အောင် ဖန်တီးပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် စာရေးသူ သတိပေးချင်တာက မြန်မာပြည်သူ ပြည်သားတိုင်း၊ လူသားတိုင်း အတွက် “သတိ” ဆိုတာ နေရာတိုင်း အချိန်တိုင်းမှာ ပိုတယ်လို့ မရှိသလို၊ လိုမှ ထုတ်သုံးရတဲ့ လက်နက်တစ်ခုလည်း မဟုတ်ပဲ၊ အချိန်တိုင်းမှာ မိမိထားနိုင်တာထက်ပို၍ “သတိ”ကို ဆောင်ထားသင့်ကြောင်း သတိပေးပါရစေ။

ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတိုင်း “သတိ” ဆိုတဲ့ လက်နက်တစ်ခုကို အချိန်ပြည့် ဆောင်ထားရင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ပြသနာကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ အားလုံး “သတိ” တရား လက်ကိုင်ထားပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အထူးမက်စေ့ အနေဖြင့် “မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ တစ်ဦး စတင်တွေ့ရှိပြီ” ဆိုတဲ့ သတင်းကို ကြားသိရချိန်ကစပြီး ထားရှိခဲ့တဲ့ “သတိ” မျိုးကို လက်ရှိအချိန်နှင့် နောက်ပိုင်းအချိန်များအထိ ဆက်လက်ထားရှိသွားစေခြင်ပါကြောင်း AlinnMyay(အလင်းမြေ)မီဒီယာမှ မိဘပြည်သူများကို အထူးထပ်ဆင့် သတိပေးလိုက်ပါရစေ။

သန်းသန်းဝင်း(အယ်ဒီတာ) #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Photo – Google & MOHS