စံပါယ်ကိုင်းလေးတစ်ကိုင်းကနေ စံပယ်ရုံကြီးဖြစ်အောင် ဘယ်လို လုပ်ဆောင်ကြမလဲ ?

0
121

အိမ်မှာနေရင်း ပန်းချစ်သူတွေ လိုက်စိုက်လို့ရစေမယ့်နည်းလမ်းလေးပါ။

ပထမဦးစွာ အဆစ်(၃) ဆစ်ပါတဲ့ စံပါယ်အကိုင်းလေးတစ်ကိုင်းကို ယူပါ။ အဆစ်နေရာကနေ အမြစ်တွေထွက်မှာဖြစ်တဲ့အတွက် အောက်ဘက်က အဆစ်ပိုင်းလေးကို တစောင်းလေးဖြတ်ပါ။ ကတ်ကြေးကို အသုံးမပြုခင် သန့်စင်အောင်လုပ်ပါ (ရောဂါပိုးဝင်ရောက်တာကို ကာကွယ်ဖို့ပါ)ကိုင်းဖြတ်စလေးကို ရေထဲခဏစိမ်ပေးထားပါ။

ကိုင်းဖြတ်စအား ပျိုးထောင်ခြင်း

ပျိုးထောင်ဖို့မြေကိုတော့ မြေမွမွလေးကို သုံးပါ။ ကိုင်းဖြတ်စိုက်တဲ့အကိုင်းတွေက မြေမွမွမှာဆို အမြစ်ထွက် ပိုမြန်လို့ပါ။ ရေစိမ်ထားတဲ့ ကိုင်းဖြတ်စကို မြေမွမွရှိတဲ့ ခွက်လေးတစ်ခုထဲကို ထည့်ပျိုးပါ။(တစ်ခါသုံး ကော်ဖီခွက်တွေကို ဒီနေရာမှာ ပြန်သုံးလို့ရပါတယ်) မြေကိုဖိပေးပြီး ရေမှန်မှန်လေး လောင်းထားလိုက်ပါ။

၄၅ရက်လောက်ကြာတဲ့အခါ အညွှန့်သစ်တွေ ထွက်လာတာကို တွေ့ရမှာပါ။ ဒီအချိန်မှာဆိုရင်တော့ အမြစ်တွေထွက်နေပြီလို့ သိနိုင်မှာဖြစ်ပါတယ်။ (ပျိုးပင်ငယ်လေးများအား နေအရမ်းပူသော နေရာနှင့် မိုးများများ ကျနိုင်သော နေရာများတွင် မထားရပါ)

ပိုပြီးကျယ်တဲ့ ထည့်စရာ အိုးထဲ ပြောင်းစိုက်ခြင်း

ဇကာခြင်းလိုမျိုး ထည့်စရာ ပစ္စည်းကို သုံးစေချင်ပါတယ်။ဒါမှ စံပါယ်အမြစ်လေးတွေက အသက်ရှုနိုင် အစာစားနိုင် ပန်းများများပွင့်နိုင်မှာ ဖြစ်ပါတယ်။ ဇကာခြင်းထဲကို မြေမွမွလေးထပ်ထည့်ပြီး စံပါယ်ပင်လေးကို ပြောင်းထည့်ပြီး ဖိပေးပါ။ သုံးလကြာတဲ့အခါ အမြစ်တွေ ဖွေးနေတာကိုတွေ့ရမှာပါ။အဲ့ဒီလို အမြစ်တွေဖွေးနေပြီ ဆိုရင်တော့ ကျွန်တော်တို့ အသုံးပြုချင်တဲ့ အိုးထဲကို ပြောင်းလို့ရပါပြီ။ ဇကာလေးကို သုံးထားတာမို့ အလွယ်တကူပဲ ရွေ့ပြောင်းနိုင်မှာ ဲဖြစ်ပါတယ်။

အိုးထဲကို ပြောင်းမစိုက်ခင် အိုးထဲမှာထည့်ရမယ့် မြေသြဇာ စပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။

မြေသြဇာ စပ်နည်း

-တီကျစ်မြေသြဇာ တစ်ခွက်

-သဲ တစ်ဆ

-နှမ်းဖက် တစ်ဆ

( တကယ်လို့ နှမ်းဖက်မရရင်လည်း သဲများများထည့်ပါ) ဒီလိုရောစပ်အသုံးပြုပေးမယ်ဆိုရင် အပင်ပုပုလေးနဲ့ ပန်းတွေ အများကြီး ပွင့်လာစေပါတယ်။

အိုးထဲသို့ ပြောင်းရွှေ့စိုက်ခြင်း

အောက်ခြေမှာ အပေါက်ပါတဲ့ အိုးတစ်လုံးကိုယူပြီး ပိုက်စသေးသေးလေးခံလိုက်ပါ။ အပင်အမြစ်တွေလေရှူလို့ရအောင်နဲ့ ရေပိုတွေ ထွက်နိုင်အောင် ဒီလိုလေးလုပ်သင့်ပါတယ်။

အိုးရွေးချယ်ပြီးရင်တော့ ရောစပ်ထားတဲ့မြေကို တစ်ဝက်လောက်အရင်ထည့်ပါ။အမြစ်တွေ ပွားနေပြီ ဖြစ်တဲ့ စံပါယ်ပင်ပေါက်လေးကို ထည့်ပါ။ ကျန်တဲ့မြေဆွေး တစ်ဝက် ပြန်အုပ်ပါ။လက်လေးနဲ့ မြဲအောင်ဖိပေးပါ။

ရေလေးပုံမှန်လောင်းပြီး နေရောင်ရတဲ့နေရာမှာ ထားပေးပါ။ ၄ လလောက်ကြာတဲ့အခါ စပါယ်ရုံကြီးဖြစ်နေတာကိုတွေ့ရမှာပါ။

ဒီလိုမျိုး အပင်တော့ဖြစ်ပြီး ပန်းမပွင့်တဲ့ ဖြစ်ရပ်မျိုးတွေ ပန်းစိုက်သူတိုင်း ကြုံဖူးမှာပါ။

ဒီလိုဖြစ်နေမယ်ဆိုရင်တော့ ကိုင်းသင်ပေးဖို့ လိုပါတယ်ဗျ။ ခြောက်နေတဲ့အကိုင်းတွေ သေးနေတဲ့အကိုင်းတွေကို ဖယ်ပစ်ခြင်းက အညွှန့်သစ်တွေဖြစ်စေပြီး ပန်းပွင့်လာစေဖို့ အားပေးလို့ပါ။

ဒီလိုကိုင်းသင်ပြီးရင်တော့ မြေသြဇာရည်လောင်းရပါမယ်။

အားဆေးရည်ပြုလုပ်နည်း

ငှက်ပျောသီးခွံ နဲ့ ရေနဲ့ကို ၃ ရက်စိမ်ထားလိုက်ပါ။ ပန်းပွင့်ဖို့အတွက် အကောင်းဆုံးအားဆေးဖြစ်ပါတယ်။ တတိယနေ့မှာ အားဆေးရည်က အညိုရောင်ဖြစ်နေပြီး သုံးဖို့အသင့်ဖြစ်ပါပြီ။ ရေနဲ့ဆတူရောပြီး အသုံးပြုနိုင်ပါပြီ။

ဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ပြီး စံပါယ်ပန်း လှလှ မွှေးမွှေးလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

ထွန်းရာဇာ

28/04/2020 19:00 PM

From Greenovator

#Credit to the original post