နေပြည်တော်မှာ ဒီနေ့ ၁၂နာရီဝန်းကျင်လောက်က နေထီးဆောင်းမှုမြင်ကွင်း

0
103

နေပြည်တော်မှာ ဒီနေ့ ဇူလိုင်၄ရက် နေ့လည် ၁၂နာရီဝန်းကျင်လောက်က နေထီးဆောင်းမှုမြင်ကွင်း

ဓာတ်ပုံ – ဖိုးသား(ပျဉ်းမနား)

နေထီးဆောင်းခြင်း (သို့) လ ထီးဆောင်းခြင်း ဖြစ်စဉ်များဟာ တိမ်တိုက်အတွင်းမှာ ရှိတဲ့ ဆဌဂံပုံစံ ရေခဲတုံး (Ice Crystals) လေးတွေကြောင့် ဖြစ်ပါတယ်။

ဒီရေခဲတုံးလေးတွေကလည်း သာမန်အားဖြင့် ထရိုဖိုစဖီးယား အလွှာ အပေါ်ဘက်မှာ ရှိတတ်ပေမယ့် အေးချမ်းတဲ့ ရာသီဥတု (ပြောင်းလဲ) ဖြစ်ပေါ်တဲ့အခါမှာ အနိမ့်ပိုင်းကို ဆင်းလာတတ်ပါတယ်။ အထူးသဖြင့် တိမ်တိုက်ထဲမှာ ရေခိုးရေငွေ့တွေ များနေချိန် (မိုးဥတု နဲ့ ဆောင်းဥတု) တို့မှာ အဖြစ်များတတ်ပါတယ်..။

နေမှလာတဲ့ အလင်းတန်းဟာ တိမ်တိုက်အတွင်းက ရေခဲတုံးလေးများကို ဖြတ်သန်းသွားတဲ့အခါမှာတော့ အလင်းပြန်မှု ဖြစ်ပေါ်ပါတယ်။ အဲ့ဒီ့ အလင်းပြန်မှုဟာ နေမှ ၂၂ ဒီဂရီအကွာလောက်မှာ စက်ဝိုင်းပုံစံ အဖြစ် ပြန်ပေါ်ပါတယ်။ (ကြည့်တဲ့သူရဲ့ တည်နေရာပေါ်လည်း မူတည်ပါတယ်။)

ဒီလိုဖြစ်ပေါ်တဲ့အခါမှာ စက်ဝိုင်းရဲ့ အတွင်းဘက်ဟာ အပြင်ဘက်ထက်ပိုပြီး မှောင်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့… ရေခဲတုံးကို ဖြတ်လာတဲ့ အလင်းဟာ အပြင်ဘက်ကိုပဲ ပြန့်ကားသွားပြီး အတွင်းပိုင်း (အောက်ဖက်ပိုင်း) ကို အလင်းပြန်မှု နည်းပါးခြင်း (သို့) မရှိခြင်းကြောင့် ဖြစ်ပါတယ်။

တိမ်တိုက်အတွင်းက ရေခဲတုံး (သို့) ရေစက်ကလေးတွေရဲ့ အလင်းပြန်မှုကြောင့်ပဲ စက်ဝိုင်းဖြစ်တဲ့နေရာမှာ သက်တံရောင်စဉ်လေးတွေ ဖြစ်တာကိုလည်း မြင်ရနိုင်ပါသေးတယ်။

ဒါကို နေထီးဆောင်းခြင်း ဖြစ်စဉ်လို့ ခေါ်ပါတယ်။ သန့်ဦး (အာကာသနှင့် စကြဝဠာ)

DVB /ဓာတ်ပုံ – ဖိုးသား(ပျဉ်းမနား)